The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေးတိုးတက်မြင့်မား စေရေး မွမ်းမံသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊  ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီး ဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြ ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ သင်တန်းများကို တက်ရောက်လာကြသည့် သင်တန်းသားအသီးသီးတွင် ထိုက်သင့်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် ပင်ကိုယ်စွမ်းရည်များ ကိုယ်စီရှိပြီးဖြစ်ပါကြောင်း၊  လုပ်ငန်းခွင်တွင် တိုးတက် အောင်မြင်စေရန် စေတနာနှင့်  စိတ်ဓာတ်ကောင်းမွန်မှု၊ လုပ်ငန်းစွမ်းဆောင်ရည် ကြိုးစား အားထုတ်မှု၊ လေ့ကျင့်သင်ကြားတတ်မြောက်မှုတို့က တစ်ဦးချင်းစီအတွက် ကွဲပြားသွားစေ သည့် အရည်အသွေးများဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရေး နည်းပညာများသည် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလျက်ရှိသည့်အတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဝန်ထမ်းများအတွက်လည်း  ရုံးလုပ်ငန်းတာဝန်များကို  IT နည်းပညာ အသုံးပြုပြီး ထိရောက်မှန်ကန် မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် စာရွက်အများအပြား အသုံးပြုသည့်စနစ်မှ Computer ကို နည်းစနစ်တကျ ပိုမိုအသုံးချပြီး Paperless စနစ်ကို ဦးတည်စေရေး၊ IT နည်းပညာနှင့် သက်ဆိုင်သည်များကို လေ့လာသင်ယူနေရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီး ဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပို့ချ ဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်မီးစဉ်ဆက်မပြတ်ရရှိရေးကိုလည်း ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသား များအနေဖြင့် သင်တန်းမှ သင်ကြားပို့ချချက်များ၊ အပြန်အလှန်ဆွေးနွေးခြင်းများမှ ရရှိသည့် အသိ ပညာများ၊ ဖလှယ်လို့ရသည့် အတွေ့အကြုံများဖြင့် လုပ်ငန်းတာဝန်များကို တက်ကြွစွာ ဆောင်ရွက် ကြရန်နှင့် ဝန်ကြီးဌာန၏ မူဝါဒချမှတ်ထားသည့် စည်းကမ်းများနှင့် သင်တန်းကာလ တစ်လျှောက်တွင် သင်ကြားပေးခဲ့သည့် ဘာသာရပ်များကို ဆက်လက်ဆည်းပူးလေ့လာပြီး ဝန်ထမ်းကောင်းများ အဖြစ် ဌာနအကျိုး၊ အများပြည်သူအကျိုးတို့အား စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ  တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း အမှတ်စဉ်(၄/၂၀၂၃)ကို သင်တန်းသား(၂၄)ဦးဖြင့် လည်းကောင်း၊ အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၄/၂၀၂၃)ကို သင်တန်းသား(၂၃)ဦးဖြင့်လည်းကောင်း စာတွေ့ လက်တွေ့ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃)ကို သင်တန်းသား (၄၄)ဦးဖြင့် ရက်သတ္တ(၈)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။        

Post under by : ဝန်ကြီးရုံး
02-Oct-2023