၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ရှိ ၅၀၀ကေဗွီ ကံကောင်း (မိတ္ထီလာ)ပင်မဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း ဆောင်ရွက်တိုးတက်မှု အခြေအနေအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ ၅၀၀ကေဗွီ ကံကောင်း (မိတ္ထီလာ)ပင်မဓာတ်အားခွဲရုံစီမံကိန်း ရှင်းလင်းဆောင် သို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ စီမံကိန်းမန်နေဂျာ ဦးနိုင်ဝင်းထွန်းက စီမံကိန်းလုပ်ငန်းများဆောင်ရွက်တိုးတက်မှုအခြေအနေအား ရှင်းလင်းတင်ပြမှုများအပေါ် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ၅၀၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသည် မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်သည့် စီမံကိန်းဖြစ်သည့်အတွက် နည်းပညာစံချိန်စံညွှန်း ပြည့်မီ စေရေး အထူးဂရုပြု ဆောင်ရွက်စေလိုပါကြောင်း၊ ဌာနမှအင်ဂျင်နီယာဝန်ထမ်းများကိုလည်း ထိန်းသိမ်း မောင်းနှင်ရေးအတွက် နည်းပညာများအားလေ့လာဆည်းပူးနိုင်ရန် ပြည်ပသို့စေလွှတ်လျက်ရှိသကဲ့သို့ စီမံကိန်းလုပ်ငန်းခွင်တွင်လည်း နည်းပညာပိုင်းအတတ်ပညာများကိုပါ လေ့လာရယူသွားရန်လိုပါကြောင်း၊ စီမံကိန်းပစ္စည်းများလုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိစေရေးနှင့် လုပ်ငန်းများအား အရည်အသွေး ပြည့်မီ စွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်စေလိုပါကြောင်း၊ စီမံကိန်း လုပ်ဆောင်မှုမှတ်တမ်းများ ထားရှိသွားဖို့လိုပါကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံရေး ဂရုပြုဆောင်ရွက် ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း စီမံကိန်းလုပ်ငန်းများ တည်ဆောက်တပ်ဆင်နေမှုအခြေအနေများနှင့် နွေရာသီကာလအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိမှုအခြေအနေတို့အား လှည့်လည် ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။