၂၀၂၄ခုနှစ် ဇန်နဝါရီလ ၈ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ၂၃၀ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဧရာဝတီ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
ယခုလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ၂၃၀ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံ၏ ဆွိယာဒ် (Switch Yard) အတွင်း ၂၃၀ကေဗွီ, ၅၀အမ်ဗွီအေ ထရန်စဖော်မာအတွက် Switch Bay အသစ်တိုးချဲ့တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ထရန်စဖော်မာဝန်အားကို အမြဲစိစစ်၍မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ်ပစ္စည်းများအားပုံမှန်စစ်ဆေး၍ လိုအပ်ပါက ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များလစ်ဟင်းမှုမရှိစေရေး လုံခြုံရေး အသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ်စွာပူးပေါင်းဆောင်ရွက် သွားကြရန်၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးတားလမ်းများပြုလုပ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရန်၊ ဓာတ်အားခွဲရုံ အတွင်းအပြင် သန့်ရှင်း သာယာလှပရေးဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် ဘတ်ဂျက်ပါလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းက ဖြည့်စွက်ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးတို့က မိမိတို့ ဝန်ထမ်းများအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိစေရေးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရုံးစာများလုံခြုံမှုရှိစေ ရေး စနစ်တကျမှတ်တမ်းရေးသွင်း၍ လုံခြုံရေး အသိ၊ သတိ ဖြင့် ဆောင်ရွက်ကြရန်၊ သတ်မှတ် ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေးနှင့် ဓာတ်အားခများပုံမှန်ကောက်ခံရရှိရေး အထူးအလေးထား ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး၊ ကောက်ခံရငွေများကို စာရင်းသွင်းထားရှိရေး သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်က အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၊ ဘတ်ဂျက်ပါလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်နှင့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ် ပစ္စည်းများပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ ပြည်သူများလျှပ်စစ် အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ မိသားစုသဖွယ် စည်းလုံး ညီညွှတ်စွာနေထိုင်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။