၂၀၂၄ ခုနှစ်၊ မတ်လ (၉ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၀) အနီးရှိ တိုးချဲ့တည်ဆောက်လျက်ရှိသော ဓာတ်အားခွဲရုံ၏ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ လယ်ဝေးမြို့နယ်ရှိ နေပြည်တော်တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး၊ ပစ္စည်းစီမံရေးဌာန (စတို) ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၀၀)အနီးရှိ ဓာတ်အားခွဲရုံတည်ဆောက်ရေးလုပ်ငန်းခွင်နေရာသို့ ရောက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မီတာစမ်းသပ်စစ်ဆေးဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက် နေသည့်နေရာသို့ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပါ် ပြည်ထောင်စုဝန်ကြီးကမှာကြားရာတွင် ယခင်က မီတာများအား စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် မီတာစမ်းသပ်စစ်ဆေးရေးဌာနအား ရန်ကုန်မြို့ တွင်သာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် မီးသုံးစွဲသူများပြားလာသည့်အတွက် မြန်မာပြည် အထက်ပိုင်းနှင့်အလယ်ပိုင်းတွင် အသုံးပြုရန် လိုအပ်သောမီတာများအား စမ်းသပ်စစ်ဆေးပြီး အချိန်နှင့်တပြေးညီ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ကုန်မြို့တွင် သာမက နေပြည်တော်တွင်လည်း ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မီတာများအတွက် မီတာစမ်းသပ်မှုများပြုလုပ်ရန် စမ်းသပ်ကိရိယာများ ရောက်ရှိနေပြီးဖြစ်ပါ၍ ၎င်းလုပ်ငန်းစဉ်များ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပစ္စည်းလိုအပ်ချက်၊ လူလိုအပ်ချက်များကို (၂) လ အတွင်း စတင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပြီး အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း မီတာများ၏ သတ်မှတ်အရည်အသွေးနှင့် လုံခြုံမှုရှိစေရန် စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပြီး မီတာများစမ်းသပ်စစ်ဆေးနိုင်ရန်အတွက် စက်ကိရိယာများ တပ်ဆင်ထားမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်ရှိ နေပြည်တော်တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး၏ ပစ္စည်းစီမံရေးဌာန(စတို)သို့ ရောက်ရှိရာ တာဝန်ရှိသူများက ပစ္စည်းများ သိုလှောင်၊ ထိန်းသိမ်း၊ ထုတ်ပေး၊ လက်ကျန်အခြေအနေနှင့် စာရင်းဇယားများ ပြုစုထားရှိမှုတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများကို ပြည်ထောင်စု ဝန်ကြီးက မှာကြားရာ၌ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး မီးသတ်အထောက်အကူပြုပစ္စည်းများအား အသင့်ဖြစ်နေစေရေး စီမံထားရှိပြီး ဇာတ်တိုက် လေ့ကျင့်မှုများကိုလည်း ပြုလုပ်ထားရန်လိုအပ်ပါကြောင်း၊ စတိုတွင်းထားသိုမှုများကိုလည်း သတ်မှတ်ထားမှုအတိုင်း ဆောင်ရွက်ရန်နှင့် စာရင်းရေးသွင်းမှုကို အမြဲတမ်း Update ဖြစ်နေရန် လိုအပ်ပါကြောင်း၊ နှစ်ကြာနေသည့် ပစ္စည်းများကိုလည်း ဘုတ်အဖွဲ့ဖွဲ့၍ ၎င်းတို့မှ ဆယ်တင် ပစ္စည်းနှင့် ဖျက်ဆီးသင့်သည့်ပစ္စည်းများကိုခွဲ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပြီး စတိုအတွင်း ထိန်းသိမ်းထားရှိသည့် စီမံကိန်းလုပ်ငန်းများအတွက်အသုံးပြုရန် စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ၏ ဖြန့်ခွဲနေရာချထား မှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန် ရှိသူများက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု ၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ လက်ရှိဓာတ်အားထုတ်လုပ်နေမှုကို တိုးတက်မထုတ်လုပ်နိုင်သေးမီကာလတွင် မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက်ထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဓာတ်အားခကြွေးကျန်များ လျော့နည်းစေရေးနှင့် ဓာတ်အားခများ မှန်ကန်စွာကောက်ခံရရှိရေး ဝန်ထမ်းများအားလုံး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် အများပြည်သူနှင့်ဆက်ဆံ၍ ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သဖြင့် ယဉ်ကျေးပျူငှာစွာဆက်ဆံပြီး တာဝန်ကိုပြီးမြောက် အောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ရုံး၊ နေအိမ်၊ ဓာတ်အားခွဲရုံများတွင် မီးဘေး အန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဌာနပိုင်မြေများနှင့်ပတ်သက်၍လည်း ဌာနပိုင်အမည်ပေါက် မြေပိုင်ဆိုင်မှုရှရှိရေး တွန်းအားပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာလိုင်းခန်းများတွင် နေထိုင် ရာတွင်လည်း စည်းလုံးညီညွတ်စွာဖြင့် မိသားစုသဖွယ် နေထိုင်သွားကြရန်နှင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှသည် တိုင်းအဆင့်အထိ လစဉ်ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ပေးသွားရန် လိုအပ်ကြောင်း တို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။