၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (စက်/လျှပ်) များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန များနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လျှပ်စစ်ဓာတ်အားပို့လွတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဒု-ဦးစီးမှူး (စက်/လျှပ်) (၅၀)ဦး တို့ကို ရက်သတ္တပတ် (၂) ပတ်ကြာ သင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ပစ္စည်းစီမံရေးဆိုင်ရာလုပ်ငန်းများနှင့် ဓာတ်အားကွပ်ကဲ/ထိန်းသိမ်း/မောင်းနှင်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်တတ်ရန် သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ဝန်ကြီးဌာနဖြစ်သည့်အတွက် ပြည်သူတို့၏ လူမှုရေးလိုအပ်ချက်နှင့် ပြည်သူဘဝအေးချမ်းစွာ ရပ်တည်နေထိုင်ရေးတွင် မရှိမဖြစ်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စဉ်ဆက် မပြတ်ပေးနိုင်ရန် ကြိုးစားသွားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် ပြည်သူများနှင့်ဆက်ဆံ ဝန်ဆောင် မှုပေးသည့်အခါ ပြည်သူတိုင်းအပေါ် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တူညီသောအခွင့် အရေးကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ၍ အရေးတယူဝန်ဆောင်မှု ပေးရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနသည် ဗို့အားမြင့် ဓာတ်အားလိုင်းကြီးများ၊ ဓာတ်အားခွဲရုံကြီးများကို တာဝန်ယူတည်ဆောက်ခြင်း၊ မောင်းနှင်ထိန်းသိမ်း ခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးသောဌာနဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် အခက်အခဲများမရှိစေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်သဖြင့် သင်တန်းတွင် စည်းကမ်းရှိစွာ လေ့လာသင်ယူပြီး အချိန်တိုအတွင်း ကျယ်ကျယ်ပြန့်ပြန့် နားလည်တတ်မြောက်လာစေရေး ကြိုးစားကြရန်လည်း လိုအပ်ပါကြောင်း၊ သင်တန်းတွင် လက်တွေ့လုပ်ငန်းများ ဆောင်ရွက် ရသည့်အခါ ခိုကပ်မနေဘဲ တန်ဖိုးထားသင်ယူရန် တိုက်တွန်းလိုကြောင်း၊ အင်ဂျင်နီယာပညာရပ် ဆိုင်ရာ လုပ်ငန်းတာဝန်များကိုလည်း စနစ်တကျ ရှာဖွေစူးစမ်း သုံးသပ်နိုင်စွမ်းရှိရမည့်အပြင် မိမိ လက်အောက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကိုသာမက လုပ်ငန်းသုံးပစ္စည်းများကိုလည်း စနစ်တကျ စီမံခန့်ခွဲ၍ ဝန်ထမ်းများအန္တရာယ်ကင်းစွာဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိရမည် ဖြစ်ပါကြောင်း၊ ထမ်းဆောင်ရမည့်တာဝန်နှင့်ပတ်သက်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများကို သိရှိနားလည်လာရန် အမြဲလေ့လာနေရန်လည်း လိုအပ်ပါကြောင်း၊ သင်တန်းတွင် စာတွေ့/လက်တွေ့ အတွေ့အကြုံနှင့် ကြံဆချက်များကိုပေါင်းစပ်၍ လုပ်ငန်းလုပ်ကိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်လာပြီး စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေး ကြိုးစား ဆောင်ရွက်ကြရန်၊ မိမိတို့ လုပ်ငန်းတာဝန်နှင့်ပတ်သက်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အတွက် သင်ယူခဲ့သော သင်ခန်းစာများကို အခြေခံပြီး ပြည်သူအကျိုး သယ်ပိုးထမ်းဆောင်သွားကြရန် တို့အား မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗဟိုသင်တန်းကျောင်း စားရိပ်သာ အတွင်း သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများ ကျွေးမွေးနိုင်ရန် ပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။