The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်အတွင်းရှိ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၆) ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးတို့၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဒက္ခိဏခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးတို့သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဇမ္ဗူသီရိ မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေလ် ငွေကောက်ခံနေမှု၊ မီးသုံးစွဲသူပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှုအခြေအနေများအား တာဝန်ရှိသူ များက ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးမှ  ဒက္ခိဏခရိုင်ရုံးနှင့် ဇမ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင် နီယာရုံးတို့ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မှာကြားရာ၌ မိမိတို့မြို့နယ်များအတွင်း ဓာတ်အားခ ကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ မြို့နယ်မှူးများသည် မိမိတို့မြို့နယ်များအတွင်း အပတ်စဉ် ကွင်းဆင်းစစ်ဆေးသွားရန်လိုအပ်ကြောင်း၊ အခြေခံ အကျဆုံးသည် မြို့နယ်များဖြစ်၍ မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများသည် တာဝန်ကို ပိုမိုကြိုးစားလုပ်ဆောင်သွားရန်နှင့် ကျေပွန်စွာထမ်းဆောင် သွားရန်လိုအပ်ပြီး မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကိုမြှင့်တင်၍ ပြည်သူလူထု၏ လေးစားရသော ဝန်ထမ်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းသည် နိုင်ငံ့ အရေးကို ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနတာဝန်သည် ပြည်သူလူထုအတွက် လျှပ်စစ်မီးရရှိရေး၊ လျှပ်စစ်မီးပေးနိုင်ရေးသည် အဓိကလုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့်လည်း လျှပ်စစ်မီးရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် စီမံဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ကျရာ အခန်းကဏ္ဍမှ တက်ညီလက်ညီဖြင့် ဝိုင်းဝန်း ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထုထံသို့ ဓာတ်အား ဖြန့်ဖြူးပေးပို့ရာတွင်လည်း ဗို့အားပြည့်ဝတည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ် ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်း စေရေးတို့အတွက် ဓာတ်အားလိုင်းများပေါ်တွင် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းစေရေးနှင့် လိုအပ်သည့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများအား စနစ်တကျ ဖြည့်ဆည်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်း အိမ်ရာများ၊ ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မီးသုံးစွဲမှုနှင့် ရေသုံးစွဲမှုကိုလည်း ချွေတာသုံးစွဲသွားကြရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍လည်း သိရှိထားသင့်သည့် အချက် အလက်များအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
16-Mar-2024