၂၀၂၄ခုနှစ် မတ်လ ၁၆ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ပစ္စည်းစီမံရေးဌာန တာဝန်ခံ များနှင့် တွေ့ဆုံပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိသည့် ပစ္စည်းစီမံရေးဌာနဝင်းများသို့ သွားရောက်၍ လျှပ်စစ်/ စက်မှု/ မြို့ပြဆိုင်ရာ လုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဆိုင်ရာပစ္စည်းများ လက်ခံ/ထားသိုထိန်းသိမ်းမှု/ ထုတ်ပေးမှု အခြေအနေအား လိုက်လံကြည့်ရှု့ စစ်ဆေး ခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ အစည်းအဝေး ခန်းမ၌ သက်ဆိုင်ရာ ပစ္စည်းစီမံရေးဌာန တာဝန်ခံများနှင့် တာဝန်ရှိသူများက ပစ္စည်းများ ထိန်းသိမ်း ထားသိုမှု/ထုတ်ပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးရေးအတွက် ပစ္စည်းများ အလေအလွင့်မရှိ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ ဝယ်ယူဖြည့်တင်းရေး၊ ထောက်ပံ့ပေးနိုင်ရေးသည်လည်း အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ပစ္စည်းများ ရရှိ/ ထုတ်ပေး/ သုံးစွဲ/ လက်ကျန်စာရင်းများကို စနစ်တကျ မှတ်တမ်း ရေးသွင်း ထားရှိကြရန်လိုအပ်ပါကြောင်း၊ အသုံးမလိုပိုလျှံပစ္စည်းများ သက်တမ်းကျော်လွန်နေသည့် ပစ္စည်းအမျိုး အမည်များအား စနစ်တကျထားရှိပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဌာနတို့၏ ပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိသည့် ပစ္စည်းစီမံရေးဌာနဝင်းများသို့ သွားရောက်ပြီး လျှပ်စစ်/ စက်မှု/ မြို့ပြ ဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဆိုင်ရာပစ္စည်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ရာ လုပ်ငန်းတွင်ပြန်လည်အသုံးပြု၍မရသောပစ္စည်းများ၊ ဆယ်တင်အသုံးပြု နိုင်သောပစ္စည်းများ၊ အသုံးမလိုပိုလျံပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ နှစ်ကာလကြာ အထုတ်/အသွင်းမရှိသော စီမံကိန်း လက်ကျန်ပစ္စည်းများ၊ Dead Item ပစ္စည်းများမှာ ကာလကြာမြင့်သော နှစ်ဟောင်းပစ္စည်းများဖြစ်သဖြင့် စာရင်းမှ ပယ်ဖျက်/ နှုတ်ပယ်၍ လေလံတင်ရောင်းချရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ကြရန်၊ မီးဘေးလုံခြုံရေးအတွက် ဂိုဒေါင်နှင့် ရုံးခန်းများတွင် မီးသတ်ဆေးဗူးများထားရှိရန်၊ စီမံကိန်းများတွင် အသုံးပြုနိုင်မည့် ပစ္စည်းများအား နှစ်အလိုက်ခွဲခြားသတ်မှတ်၍ အမှန်တကယ် အသုံးပြုနိုင်မည့် ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်ကြရန်၊ စင်ပေါ်တွင် ထားသိုနိုင်သည့် ပစ္စည်းများအတွက် ပစ္စည်းတင်စင်များထပ်မံပြုလုပ်၍ ပစ္စည်းများအား စနစ်တကျထားရှိရေး ဆောင်ရွက်ရန် ၊ လက်ကျန် များစွာကျန်ရှိနေသည့် ပစ္စည်းများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများအတွက် ထုတ်ယူသုံးစွဲ နိုင်ရေး သက်ဆိုင်ရာအင်ဂျင်နီယာဌာန များနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်၊ နှစ်ချုပ်လက်ကျန် မှန်ကန်မှုရှိစေရေးအတွက် ထုတ်ယူသုံးစွဲထားသော ပစ္စည်းများအား ဘဏ္ဍာရေးနှစ်အလိုက် အချိန်မီ စာရင်းဖြောင့်ရှင်းလင်းရန် ၊ ပစ္စည်းထားသိုသည့် ဂိုဒေါင်များလုံခြုံမှုရှိစေရေး လုံခြုံရေးကင်မရာ (CCTV)များ တပ်ဆင်ကြရန်၊ နွေရာသီကာလရောက်ရှိ ပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးတားလမ်းများ ပြုလုပ်ထားကြရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညိှနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။