The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသုံးစာရေးကိရိယာနှင့် ဝတ်စုံစရိတ်ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁  ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသုံး စာရေးကိရိယာနှင့် ဝတ်စုံစရိတ်ထောက်ပံ့ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ရုံးဌာနများ၌ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်း များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများသည် နေပြည်တော်ရှိ ရုံးအမှတ်(၂၇)၌ တက်ရောက်ခဲ့ကြပြီး အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံး ဌာနများတွင်လည်း ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာ၌ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီးများဖြစ်သည့် မူကြို၊ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံး စာရေးကိရိယာ များနှင့် အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား/ကျောင်းသူများအတွက် ဝတ်စုံ စရိတ် ထောက်ပံ့ပေးသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ၂၁ ရာစုခေတ်သည် ပညာခေတ် ဖြစ်သည့်အားလျော်စွာ ဘဝခရီးဖြတ်သန်းရာတွင် လူငယ်များ မိမိတို့၏ ဆန္ဒ၊ မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရေးအတွက် ကလေးဘဝမှစ၍ ပညာဆည်းပူး လေ့လာရန် စာသင်ကျောင်းသည် အကောင်းဆုံး၊ အသင့်တော်ဆုံး ပညာသင်ယူရာဌာန ဖြစ်သည့်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ကျောင်းနေရေး၊ ပညာတတ်ရေးတို့သည် အလွန်အရေးကြီးသောကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ ယခုပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပါသဖြင့် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်း များအနေဖြင့် မိမိတို့၏ သားသမီးများကို ကျောင်းအပ်နှံသွားကြရန် မှာကြားလိုပါကြောင်း၊ နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သော အခြေခံပညာ အားကောင်းစေရေးအတွက် နိုင်ငံတော် အစိုးရသည် ပညာရေးကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းများ ဖြစ်မြောက်လာစေရေး အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် အဆင့်အလိုက် သင်ယူသူတို့၏ “ဗီဇ”၊ “အထုံ”၊ “ဝါသနာ” ၊“စိတ်ဝင်စားမှု”၊ “စိတ်အားထက်သန်မှု”တို့ အလျောက် သင်ယူသူ တစ်ဦးချင်းစီအလိုက် သင်ယူနိုင်မည့် အခွင့်အလမ်းကောင်းများကိုလည်း စနစ်တကျ ပြုစု ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ပညာသင်ကြားရမည့်အရွယ် ကလေးများ စာသင်ခန်းတွင် မရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိသွားပါက မမျှော်မှန်းနိုင်သည့် ဆိုးကျိုးများကို ရင်ဆိုင်ကြုံတွေ့လာနိုင်သဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် လူငယ်ကဏ္ဍ မြှင့်တင်ရေးအတွက် မိဘ၊ ဆရာနှင့် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်း၍ အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ခေတ်နှင့်အညီ တိုးတက်မှုရှိရေး ဦးတည်ဆောင်ရွက် နေသည့် အခြေခံပညာရေးစနစ်၏ အကောင်အထည်ဖော်မှု အခြေအနေများကိုလည်း အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ် အဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ဝတ်စုံစရိတ်နှင့်  အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာ များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးက မူလတန်းအဆင့်နှင့် မူကြိုအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံး စာရေးကိရိယာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကာ ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြ ပါသည်။ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးဌာနအသီးသီးတွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် အဆင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် ဝတ်စုံစရိတ် များအား သက်ဆိုင်ရာဌာနအကြီးအကဲများက ပေးအပ်ခဲ့ကြပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊  လုပ်ငန်းနှင့် ကော်ပိုရေးရှင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း များ၏ သားသမီးများမှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် မူကြို ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား/ကျောင်းသူ နေပြည်တော်တွင် (၁၁၃၀)ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် (၁၂၂၅၃)ဦး စုစုပေါင်း (၁၃၃၈၃)ဦးအတွက် ထောက်ပံ့ကြေးငွေနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင်  ယခင်က မီတာများအား စမ်းသပ် စစ်ဆေးနိုင်ရန်အတွက် မီတာစမ်းသပ်စစ်‌ဆေးရေးဌာနအား ရန်ကုန်မြို့တွင်သာ ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် မီးသုံးစွဲသူများပြားလာသည့်အတွက် မြန်မာပြည် အထက်ပိုင်းနှင့် အလယ်ပိုင်းတွင် အသုံးပြုရန် လိုအပ်သောမီတာများအား စမ်းသပ်စစ်ဆေးပြီး အချိန်နှင့် တပြေးညီ ဖြန့်ဖြူးပေးနိုင်ရန်နှင့်  ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ကုန်မြို့တွင် သာမက နေပြည်တော်တွင်လည်း ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊   မီတာများအတွက် မီတာစမ်းသပ်မှုများပြုလုပ်ရန် စမ်းသပ်ကိရိယာများ ရောက်ရှိနေပြီးဖြစ်ပါ၍ ၎င်းလုပ်ငန်းစဉ် များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပါက သတ်မှတ်ထားသည့် တစ်ရက် မီတာ အလုံးရေ (၄၀၀)နှုန်းဖြင့် တစ်လလျှင် မီတာအလုံးရေ (၁၂၀၀၀)၊ တစ်နှစ်လျှင် မီတာ အလုံးရေ (၁၅၀၀၀၀) ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရာတွင်လည်း မီတာများ၏ သတ်မှတ်အရည်အသွေးနှင့် လုံခြုံမှုရှိစေရန် စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပြီး မီတာများ စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် စက်ကိရိယာများ တပ်ဆင်ထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မီတာများစမ်းသပ်စစ်ဆေးရေး သင်တန်းပို့ချပေးခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
01-Jun-2024