၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ( ၂၆ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ နှင့်အတူ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်း မြို့၌ ရေတိုက်စားမှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ယခုလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ရေတိုက်စားမှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် ၁၁ကေဗွီဓာတ်အားလိုင်းများအား ဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး လုပ်ငန်းများဆောင်ရွက်ရာ တွင် အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ကြရန်၊ ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းရှင်းလင်း ပြီးမှတ်တမ်းထားရှိရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည် အသုံးပြုသွားရန်မှာကြားပြီး လုပ်ငန်းများအမြန်ဆုံး ပြီးစီး နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျေးရွာ/ရပ်ကွက်ပေါင်း (၂၈၈)ရွာ ဓာတ်အားပြတ်တောက်ခဲ့ပြီး ဌာနမှကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ (၂၆-၉-၂၀၂၄) ရက်နေ့တွင် ကျေးရွာ/ရပ်ကွက် ပေါင်း (၂၀၅)ရွာ အား ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသော ကျေးရွာ/ရပ်ကွက်များ ဓာတ်အားအမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။