The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ ဘုရားကြီး  ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတိုးတက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်  

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများအား  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား စီမံကိန်းယာယီရှင်းလင်းဆောင်တွင် တာဝန် ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် နေမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံ များအား ရှင်းလင်းတင်ပြကြပါသည်။

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ယခုစီမံကိန်းသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသောစီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အားကို ပိုမို တိုးချဲ့စုဖွဲ့၍ ဟန်ချက်ညီ ပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများ ရေးဆွဲထားပြီး ၎င်းအချိန်ဇယားများအတိုင်း ပြီးစီးနိုင်ရေး အဆင့်ဆင့် ကြပ်မတ်၍ အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရန်၊ ရောက်ရှိရန် ပစ္စည်းများ အချိန်မီရောက်ရှိရေး၊ ရောက်ရှိပြီးပစ္စည်းများအား ပျက်စီးမှုမရှိစေရေး စနစ်တကျ ထားသိုထိန်းသိမ်းသွားရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း၍ အားသွန်ခွန်စိုက် တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထရန်စဖော်မာများ၊ Shunt Reactor တပ်ဆင်နေမှုနှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးသွားပါက ၅၀၀ ကေ‌ဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံ တောင်ပိုင်းသို့ ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်ပါသည်။ ယခုအခါ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီ ဗို့အားဖြင့် လျှပ်စစ် ဓာတ်အားများ စတင်ပို့လွှတ်ပေးလျက်ရှိပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းတစ်ခုလုံး အနေဖြင့် ၇၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
01-Oct-2024