၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့်ဝန်ထမ်းများအတွက် လျှပ်စစ်ဝန်ထမ်း ဟောင်းများအသင်းမှ လှူဒါန်းငွေအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်း အဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဌာနအကြီး အမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ရေဘေးသင့်ဝန်ထမ်းများ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော တိုင်ဖွန်းမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အဆိုပါပျက်စီးမှုများအား အမြန်ဆုံး ပြင်ဆင်ခြင်းများဆောင်ရွက်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဆက်စပ်အဆောက်အဦများ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ၃၁ ရာခိုင်နှုန်း၊ စက်ရုံတွင်းလမ်းများနှင့် အခြားအခြေခံအဆောက်အဦများ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ၃၆ ရာခိုင်နှုန်းနှင့် ပို့လွှတ်ရေးဓာတ်အားလိုင်းများ ပြင်ဆင်ပြီးစီးမှု ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်၊ အလားတူ ဖြန့်ဖြူးရေးလိုင်းများ ပျက်စီးမှုကြောင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည့် ဒေသများကိုလည်း ရက်ပိုင်းအတွင်း ယာယီဓာတ်အား လိုင်းများဖြင့် လျှပ်စစ်မီးရရှိရေး ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လိုင်းအူကြောင်းပြောင်းလဲ တည်ဆောက်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၇၄ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၅၀ ရာခိုင်နှုန်း၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့)တွင် ၉၀ ရာခိုင်နှုန်း၊ မကွေးတိုင်း ဒေသကြီးတွင် ၈၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၆၁ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ၈၈ ရာခိုင်နှုန်း၊ ကယား ပြည်နယ်တွင် ၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး (အနောက်)နှင့် ကရင်ပြည်နယ်တို့တွင် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြင်ဆင်ရန် ရှိသည့် လုပ်ငန်းများကိုလည်း ဌာနများမှတက်ညီ လက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း လုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးနိုင်ရေး စီမံချက်ချပြီး Check List ပြုလုပ်ကာ အမြဲမပြတ်စိစစ်၍ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ အများပြည်သူ ဓာတ်အားရရှိရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်း များနှင့် ဓာတ်အားခွဲရုံကြီးများအား ပြင်ဆင်ဆောင်ရွက်လျက်ရှိသလို သဘာဝဘေးဒဏ်ကြောင့် နေအိမ်၊ အဆောက်အဦ၊ ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ရေဘေးဒဏ်သင့် ခံစားခဲ့ရသည့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်း ၁၇၅ ဦးကိုလည်း သက်ဆိုင်ရာဌာနများအလိုက် ဌာနကြီးမှူး များကို စေလွှတ်၍ ယာယီနေရာပြောင်းရွှေ့ပေးခြင်း၊ စားသောက်နေထိုင်ရေး စီစဉ်ဆောင်ရွက် ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း ထောက်ပံ့ငွေ ပေးအပ်မှု များကို ပထမအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် လျှပ်စစ်ဝန်ထမ်းဟောင်းများအသင်းမှ လှူဒါန်းငွေအား ထပ်မံထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သည့် လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦများအား အားသွန်ခွန်စိုက် ပြုပြင်ဆောင်ရွက် လျက်ရှိသလို ကြိုတင်ကာကွယ်မှုများအတွက်လည်း စနစ်တကျ စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးသည် တက်ညီလက်ညီလက်တွဲ၍ ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုကောင်းမွန်စွာ ရရှိရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုပမ်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ယခု ထောက်ပံ့မှုသည် တစ်ဦးချင်းလိုအပ်ချက် တစ်စိတ် တစ်ပိုင်းသာ ဖြစ်နိုင်သဖြင့် ထောက်ပံ့မှုများအား အကျိုးရှိစွာအသုံးချနိုင်ရေး ဆောင်ရွက်ကြပါရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရေဘေးသင့်ဝန်ထမ်း ၁၇၅ ဦး အတွက် ဒုတိယအကြိမ်အဖြစ် လျှပ်စစ်ဝန်ထမ်းဟောင်းများအသင်းမှ လှူဒါန်းငွေအား ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာဌာနအလိုက် ဌာနအကြီးအမှူးများက လက်ခံရယူခဲ့ကြပြီး ရေဘေးသင့် ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။