၂၀၂၅ ခုနှစ်၊ ဧပြီလ ( ၂၇ )ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ မွန်းလွှဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အမှုဆောင်အရာရှိချုပ်နှင့် ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ် မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ခဲ့ ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်လျက် ရှိသော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအခြေအနေအရ ဝန်အား ထိန်းညှိရသဖြင့် အချိန်ပိုင်းဓာတ်အားပိတ်၍ ဓာတ်အားဖြန့်ဖြူးပေးနေရသောကြောင့် ဖြန့်ဝေသည့် အချိန်တွင် သက်မှတ်ထားသည့်အချိန်တိုင်း တိကျစွာရရှိရေး စနစ်တကျထိန်းသိမ်း ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် တည်ငြိမ် ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံ ဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ခွဲဝေရရှိသည့် ဘဏ္ဍာငွေကို စနစ်တကျစိစစ်သုံးစွဲရန် လိုအပ်ပြီး ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်သည့် လုပ်ငန်းများပြီးပြတ်စေရေး Work Plan ၊ Cash Plan ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် ဓာတ်အားခ ကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျကောက်ခံသွားရန်နှင့် ဓာတ်အားခကြွေးကျန် များကိုလည်း ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့မြို့နယ်များအတွင်း တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေး ပုံမှန်စစ်ဆေးခြင်း အပြင် ရှောင်တခင် စစ်ဆေးရေး အဖွဲ့များဖြင့် Spot Check, Cross Check, Counter Check နှင့် Surprise Check စစ်ဆေးခြင်းများကို အဖွဲ့ဖွဲ့၍ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် သွားရန်နှင့် ဓာတ်အားခ ကြွေးကျန် အလွှဲသုံးစားမှုများ မဖြစ်စေရေး၊ မီတာဖတ်ရှုမှုအား မှန်ကန်စွာဖတ်ရှုသွားနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ ထရန်စဖော်မာနှင့် Switchyard များ အတွင်း/အပြင်၌ မြက်၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်သွားရန်၊ မီးဘေး အန္တရာယ်မကျရောက်စေရေး ကြိုတင်စီမံဆောင်ရွက် ထားရန်နှင့် ဓာတ်အားလိုင်းများ တစ်လျှောက် သစ်ပင်သစ်ကိုင်းများအား မိုးမကျမီ ခုတ်ထွင် ရှင်းလင်းထားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအားပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားရန် လိုအပ်ပြီး အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဌာနတာဝန်ခံများ မှလည်း မိမိတို့ဝန်ထမ်းများ၏ လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များ လွတ်လပ်စွာတင်ပြနိုင်ရေးနှင့် ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးအတွက် ဆန္ဒဖော်ထုတ်ပွဲများကို လစဉ်ပြုလုပ် ပေးသွားရန်နှင့် လူ့စွမ်းအား အရင်းအမြစ်တိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ထမ်းအိမ်ရာများ၊ ဓာတ်အားခွဲရုံများနှင့် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန်နှင့် မြေနေရာလွတ်များတွင် ကုန်ကျစရိတ် သက်သာစေသော တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဌာနပိုင်မြေများအား မြေအမည်ပေါက်ရရှိရေး ပြီးပြတ်အောင် ဆောင်ရွက်သွားရန်နှင့် ဌာနပိုင် မြေများပေါ်တွင် ကျူးကျော်ဝင်ရောက်နေထိုင်မှုများ မရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရွက်ရမည့်အစီအမံများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်နှင့် လုံခြုံရေးဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှု ပေးနေသော ဌာနဖြစ်သည့်အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပြီး စေတနာထား၍ အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လည်ကောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။
ယင်းနောက် တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။