နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးစာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့ရှိ ရုံး ဌာနများ၌ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း/ အမှုထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူ များသည် နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ တက်ရောက်ခဲ့ကြပြီး အလားတူ တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးဌာနများတွင်လည်း ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာ၌ ယနေ့အခမ်းအနားသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် နေပြည်တော် ရုံးချုပ်ရှိ ဝန်ထမ်းသားသမီးများဖြစ်သည့် မူကြို ၊ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၀၉၆)ဦးကို ကျောင်းသုံး စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ရုံးချုပ်မှ ဝန်ထမ်း သား/သမီးများဖြစ်သည့် ကျောင်းသား/ ကျောင်းသူများကို အခမ်း အနားနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သကဲ့သို့ ဝန်ကြီးဌာနကွပ်ကဲမှုအောက် ဦးစီး ဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများ၏ လက်အောက်ရုံးများဖြစ်သည့် တည်ဆောက်ရေး စီမံကိန်း ရုံးများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ ဓာတ်အားပေး စက်ရုံများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ဓာတ်အားခွဲရုံများစသည့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီး၏ ရုံးများရှိ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား/ ကျောင်းသူ (၁၁၂၃၅)ဦး ကိုလည်း ယနေ့တွင် ကျောင်းသုံးစာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ၂၁ ရာစု ခေတ်သည် ပညာခေတ်ဖြစ်သည့်အားလျော်စွာ ဘဝခရီး ဖြတ်သန်းရာတွင် လူငယ်များ မိမိတို့၏ဆန္ဒ၊ မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်အတွက် ကလေး ဘဝမှစ၍ ပညာကို အပတ်တကုတ် ဆည်းပူးလေ့လာရန် လိုအပ်သလို ပညာဆည်းပူးလေ့လာ သင်ယူရာတွင်လည်း စာသင်ကျောင်းသည် အကောင်းဆုံး၊ အသင့်တော်ဆုံး ပညာသင်ယူရာ ဌာနဖြစ်သည့်အတွက် ပညာပေးရာ စာသင်ကျောင်းသို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ကျောင်းနေရေး၊ ပညာတတ်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က “လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးကြမည်ဖြစ်သဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းပြီး စာပေပညာ၊ အတတ်ပညာ ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နေခြင်းပင်ဖြစ်ကြောင်း”ကို မှာကြားခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရသည် အမျိုးသားပညာရေး၏ ရည်မှန်းချက်တစ်ခု ဖြစ်သည့် “တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေး” ကို ဦးတည်လေ့ကျင့်ပေးရန်ဆိုသည့် ရည်မှန်းချက်နှင့် အညီ ပညာရေးကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံ ပညာသင်ယူတတ်မြောက်ရန်အတွက် ‘ကျောင်း’ သည် အဓိကပညာပေးရာ နေရာတစ်ခု ဖြစ်သလို အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရန်အတွက် အခြေခံကျကျ ပြုစုပျိုးထောင်ပေးသည့် အဖွဲ့အစည်း (Institution) တစ်ခုလည်း ဖြစ်ပါကြောင်း၊ တစ်ဦးချင်းစီအလိုက် သင်ယူမှု စွမ်းရည်အရ ကြိုးကုတ်အားထုတ်သင်ယူနိုင်မည့် အခွင့်အလမ်း ကောင်းများကိုလည်း ‘ကျောင်း’ ဟူသည့် အဖွဲ့အစည်းမှ စနစ်တကျ ပြုစုပျိုးထောင်ပေးလျက် ရှိပါကြောင်း၊ မိဘများကလည်း ကိုယ့်သားသမီးများ အနာဂတ်ဘဝအရေးကို တွေးခေါ် မြော်မြင်လျက် လိမ္မာယဉ်ကျေးအောင်၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံအောင် မှန်ကန်သော အသိအမြင်ဖြင့် ထိန်းကျောင်း လမ်းညွှန်ပေးနိုင်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီးများဖြစ်သည့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ယူရာတွင် အခက်အခဲမရှိစေရေးတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိဘများကလည်း မိမိတို့သားသမီးများကို ကျောင်းနေမြဲရေးနှင့် ကျောင်းပညာ ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးအတွက် အမြဲမပြတ်စည်းရုံး ဆောင်ရွက် နေရမည်ဖြစ်ပြီး ခေတ်နှင့်အညီ တိုးတက်မှုရှိရေး ဦးတည်ဆောင်ရွက်နေသည့် အခြေခံ ပညာရေးစနစ်၏ အကောင်အထည်ဖော်မှု အခြေအနေများကိုလည်း အမျိုးသားရေးတာဝန် တစ်ရပ်အနေနှင့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၊ အထက်တန်းနှင့် အလယ်တန်း ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာ များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက မူလတန်းနှင့် မူကြို ကျောင်းသား/ကျောင်းသူ များအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကာ ကျောင်းသား/ကျောင်းသူများကိုယ်စား တက္ကသိုလ်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါ သည်။ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးဌာနအသီးသီးတွင်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးများအား သက်ဆိုင်ရာဌာန အကြီးအကဲများက ပေးအပ်ခဲ့ကြပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ သားသမီးများမှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား/ ကျောင်းသူ နေပြည်တော် တွင် (၁၀၉၆)ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် (၁၁၂၃၅)ဦး စုစုပေါင်း (၁၂၃၃၁)ဦး အတွက် ကျောင်းသုံးစာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးအပ် ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗဟိုသင်တန်းကျောင်း အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် ယာယီရွက်ဖျင်တဲများအတွင်း ဝန်ကြီး ဌာနရှိ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ယာယီပြောင်းရွှေ့ နေရာ ချထားမှု၊ နေထိုင်စားသောက်မှု၊ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာ သုံးစွဲနိုင်ရန်နှင့် လုံခြုံစွာ နေထိုင်နိုင်ရန်အတွက် ပေ (၂၀ x ၁၂၀ ) အရွယ်အစားရှိ Modular(prefabricated) houses (၂)ထပ် အဆောက်အဦများ ဆောက်လုပ်နိုင်ရန် ဖောင်ဒေးရှင်းလုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု၊ ရေစီးရေလာကောင်းမွန်စေရေး ရေးမြောင်းများ တူးဖော်နေမှု၊ Container Houses များအား ဦးစီးဌာန၊ လုပ်ငန်းအလိုက် တပ်ဆင်တည်ဆောက်ပြီးစီးမှု၊ လက်ရှိ တပ်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေရရှိရေး၊ မီးရရှိရေး၊ မီးဖိုဆောင်နှင့် သန့်စင်ခန်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေတို့ကို အသေးစိတ် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေစွာဖြင့် လုံခြုံစွာ နေထိုင်နိုင်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ယာယီနေထိုင်သည့် ရွက်ဖျင်တဲများမှ တပ်ဆင်တည်ဆောက်ပြီးစီးသည့် Container Houses များအတွင်း အမြန်နေရာချထားနိုင်ရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံအတွင်း ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့ နေရာချထားနိုင်ရန်အတွက် ပေ(၂၀ x ၂၀) အရွယ်အစားရှိ Container Houses များ တပ်ဆင် တည်ဆောက်ပြီးစီးမှု၊ လက်ရှိတပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေရရှိရေး၊ မီးရရှိရေး၊ သန့်စင်ခန်းများနှင့် မီးဖိုဆောင်များ တည်ဆောက်နိုင်ရေး ဆောင်ရွက် နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံး ပြီးစီးမှသာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်လျက်ရှိသည့် ရွက်ဖျင်တဲ များမှ ပြောင်းရွှေ့နေရာချထားပေးနိုင်မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။