နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၅၀၀ ကေဗွီ မိတ္ထီလာ (ကံကောင်း) ပင်မဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးမှု၊ ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် Power Gen (ကျောက်ဆည်) သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေအနေတို့အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၅၀၀ ကေဗွီ မိတ္ထီလာ(ကံကောင်း) ပင်မ ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ Control Room အတွင်းတွင် တာဝန်ရှိသူများက ၅၀၀ ကေဗွီ မိတ္ထီလာ(ကံကောင်း) ပင်မဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဓာတ်အားပို့လွှတ်ထိန်းချုပ်ကိရိယာများ တပ်ဆင် နေရာချထားပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စီမံကိန်း တပ်ဆင်စမ်းသပ်ကာလအတွင်း တာဝန်ကျဝန်ထမ်းများအနေဖြင့် ဓာတ်အားပို့လွှတ် ထိန်းချုပ် ကိရိယာများအား စနစ်တကျကျွမ်းကျင်စွာအသုံးပြုသွားနိုင်ရေး ကြိုတင်ပြင်ဆင် လေ့လာ သင်ကြားသွားကြရန်၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်မှုမပြီးသေးမီ ယာယီအစီအစဉ်ဖြင့် နေထိုင်သွားရေးမှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ Switch Yard အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက သပြေဝပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေး နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက နောင်တွင် ဓာတ်အားပေး စက်ရုံများမှ ဓာတ်အားများချိတ်ဆက်ပို့လွှတ်လာပါက လက်ခံရေးနိုင်ရေး ကြိုတင်ပြင်ဆင်ထား ရန်နှင့် ဓာတ်အားလိုင်းများအား ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အစီအမံ များ ကြိုတင်ဆောင်ရွက် သွားနိုင်ရေးမှာကြားပြီး Computer Control Room အတွင်းတွင် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အား ခွဲရုံသို့ရောက်ရှိပြီး Control Room အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေ များကြည့်ရှုစစ်ဆေးခြင်း၊ ဓာတ်အားခွဲရုံ Switch Yard အတွင်း မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများပြန်လည်ပြင်ဆင်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် Switch Bay များထပ်မံတိုးချဲ့ တည်ဆောက်သွားနိုင်မည့်အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် Power Gen (ကျောက်ဆည်) သဘာဝဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေး စက်ရုံသို့ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက Power Gen (ကျောက်ဆည်) သဘာဝ ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များနှင့် ဓာတ်အားထုတ်လုပ် ပို့လွှတ်နေမှုအခြေအနေများ၊ ဓာတ်အားပေးစက်များအတွက် စက်အရံပစ္စည်း လိုအပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက သွင်းကုန်လိုင်စင် ထောက်ခံ ချက်ရရှိရေး အချိန်မီကြိုတင် တင်ပြသွားရန် မှာကြားကာ လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး ဓာတ်အားပေးစက်ရုံအတွင်း အင်ဂျင်များမှ ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေအနေများနှင့် Central Control Room အတွင်းမှ သဘာဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်မောင်းနှင်မှုအချက်အလက်များအား စောင့်ကြည့်ထိန်းချုပ်နေမှု အခြေ အနေများနှင့် ဓာတ်အားလိုင်းများသို့ ဓာတ်အားပို့လွှတ်နေမှု အခြေအနေများအား စစ်ဆေး ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။