The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ၊၂၀၂၅ ခုနှစ်များတွင် စိုက်ပျိုးခဲ့သော ရတနာတန်းဝင်ကျွန်းပင်များအား အစားထိုးစိုက်ပျိုးခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်

               လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ၊၂၀၂၅ ခုနှစ်များတွင် စိုက်ပျိုးခဲ့သော ရတနာတန်းဝင် ကျွန်းပင်များကို အစားထိုးစိုက်ပျိုးခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲ များနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပါသည်။

               ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရတနာတန်းဝင်ကျွန်းပင်ကို အစားထိုးစိုက်ပျိုး ပေးပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများက ရတနာတန်းဝင်ကျွန်းပင်များကို တစ်ပြိုင်တည်း အစားထိုး စိုက်ပျိုးပေးကြပါသည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် အခမ်းအနားသို့ တက်ရောက်လာကြသော အရာရှိကြီးများနှင့် အရာထမ်း/အမှုထမ်းများက ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များတွင် စိုက်ပျိုးခဲ့သော ရတနာတန်းဝင်ကျွန်းပင်များမှ ရှင်သန်ဖြစ်ထွန်းမှု အားနည်း ခဲ့သည့် အပင်များနေရာတွင် ရတနာတန်းဝင်ကျွန်းပင်များကို တစ်ပြိုင်တည်း အစားထိုး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

               ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတို့တွင် စိုက်ပျိုးခဲ့သည့် ရတနာတန်းဝင်ကျွန်းပင် (၅၇၅၉) ပင်၊ နှစ်ရှည်ပန်းအလှပင် (၅၄၆) ပင်နှင့် နှစ်ရှည် သီးပင်စားပင် (၁၉၁) ပင်တို့ကို ဆက်လက်ရှင်သန်ဖွံ့ဖြိုးကြီးထွားအောင် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြေဆွခြင်း၊ မြေတောင်မြှောက်ပေးခြင်း ပြုစုပျိုးထောင်ဆောင်ရွက်နေမှု၊ ရှင်သန်အောင်မြင် ဖြစ်ထွန်းနေမှုနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေး တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်ရန်အတွက် နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း စိုက်ပျိုး ထားသော စပါးစိုက်ခင်းများ၊ ရာသီသီးနှံများဖြစ်သည့် ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ငရုတ်၊ ဘူး၊ ဖရုံ၊ နံနံ၊ မုန်ညင်း၊ ပဲစင်းငုံနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ဒန့်သလွန်၊ ဂွေးတောက်၊ ကင်ပွန်းချဉ်၊ ငှက်ပျော၊ သရက်၊ မာလကာ၊ နဂါးမောက်၊ နာနတ် စသည့် သီးပင်စားပင်များ ရှင်သန် ဖြစ်ထွန်း အောင်မြင်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

                လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အလားတူ ယနေ့တွင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဝန်ကြီးဌာနကြီးကြပ်မှုအောက်မှ စီမံကိန်းညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်း မန်နေဂျာရုံးများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများ၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံးများ၊ ဓာတ်အားပေးစက်ရုံများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင်လည်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များတွင် စိုက်ပျိုးခဲ့သော သစ်ပင်များမှ ရှင်သန်ဖြစ်ထွန်းမှုအားနည်းခဲ့သည့် အပင်များနေရာတွင် အစားထိုးစိုက်ပျိုး ခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းအခမ်းအနားကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပ၍ ရတနာတန်းဝင်ကျွန်းပင် (၇၃၃) ပင်၊ နှစ်ရှည်သီးနှံပင် (၂၂၆၈) ပင်၊ နှစ်ရှည်ပန်းအလှပင် (၇၁၇) ပင်၊ အရိပ်ရလေကာပင် (၈၈၁) ပင်၊ စုစုပေါင်း (၄၅၉၉) ပင်တို့ကို အစားထိုး စိုက်ပျိုး ခဲ့ကြပြီး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပထမအကြိမ်၊ ဒုတိယ အကြိမ်နှင့် တတိယအကြိမ်တို့တွင် ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည်သီးနှံပင်၊ နှစ်ရှည် ပန်းအလှပင်၊ အရိပ်ရလေကာပင် စုစုပေါင်း (၃၄၅၃၀) ပင်နှင့် ယခု ၂၀၂၅ ခုနှစ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် သစ်ပင်ပေါင်း (၂၁၁၁၄) ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် သစ်ပင် စုစုပေါင်း (၅၅၆၄၄) ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
20-Sep-2025