The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သမင်မွေးရင်း ကျားစားရင်း

သမင်မွေးရင်း ကျားစားရင်း

မျိုးကြီး (အမရဌာနေ)

ဆောင်းပါးကဏ္ဍ

                 သမင်မွေးရင်းကျားစားရင်း ဟူသော   စကားပုံသည်ကား   ကိုပြုံးချို တို့  လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနကို  ရည်ရွယ်ခဲ့လေရော့သလားမသိ။  ထာဝရ  မြန်နှုံးမြင့်  အပြေးသမားဟုပင် တင်စား လိုပါ ၏။ လိုအပ်ချက်များက မပြည့်----- မပြည့်--- မပြည့်နိုင်သေး။ မီးသုံးစွဲလို သူတို့ရဲ့ဆန္ဒတွေလိုလား ချက်တွေကို   အပြည့်ဝဆုံးဖြစ်အောင် ဖြည့်ဆည်းအပေးချင်ဆုံးက   သည်လူများသာ။   နယ်မြေအလိုက်  ဝင်လာနေတဲ့   ဖုန်းတဂွမ်ဂွမ်  နှင့် ကွန်ပလိန်းတွေ ကင်းပချင်ဆုံးကလည်း သည်လူ များ သာတည်း။

                 မိမိတို့ မြန်မာနိုင်ငံတွင်  မြစ်၊ ချောင်း ၊အင်းအိုင် ရေအားအရင်းအမြစ် ပေါများကြွယ်ဝ သည် ဖြစ်ရာ ရေအား လျှပ်စစ်ဓာတ်အားသာလျှင် စရိတ်အကျဉ်းဆုံးဖြစ်၍  ရေအားလျှပ်စစ်စီမံကိန်းများအမြန် ဆုံး အကောင်အထည်ဖော် ရန်ဟူသော ဆုံးဖြတ်ချက်ကို   ၁၉၄၇   ခုနှစ် ၊  ဇွန်လတွင်  စတင်ရေးဆွဲသည့်  ဆိုရန်တိုဗီလာ စီမံကိန်းတွင် ထည့်သွင်းခဲ့ပြီး  ရေအားကို အဓိကထား၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံး စွဲမှုဖြင့်စတင်ခဲ့ကြ၏။

                 လက်တွေ့တွင်  ဇွန်၊ ဇူလိုင် ၊ သြဂုတ် ၊ စက်တင်ဘာ စသည့်မိုးတွင်း  ကာလများတွင်ရေအား စက်ရုံများကို မောင်းနှင်ပေးနေသည့်  တမံများ၌ရေဝင်ရေထွက် ကောင်းနေပြီး  ရေပြည့် ရေလျှံ ဘောင်းလံနေသဖြင့်ရေအားစက်ရုံများမှဓာတ်အားအပြည့်အဝထုတ်လုပ်ပေးနိုင်သည်မှန်ငြားသော်လည်း၊

                 အောက်တိုဘာ မှ မေလခန့်ထိ ဆောင်းရာသီ နှင့်နွေကာလ များတွင် မြစ်ချောင်းများ၌ရေဝင်  ရေထွက် လျော့နည်းလို့ လာ၏ ၊  အထူးသဖြင့်  မတ် ၊  ဧပြီ ၊  မေ  နွေကာလများတွင် ရေအားစက်ရုံများ ၏ တမံများ၌ စက်ကိုမောင်းနှင်နိုင်သည့် ရေ Level  အောက်ရောက်သွားသဖြင့် ဓာတ်အားထုတ်လုပ်မှု ရပ်ထားလိုက်ရသည့်စက်ရုံများ ရှိသလို  လအလိုက်  ဓာတ်အားလိုအပ်ချက်ကို  ဖြည့်ဆည်းနိုင်ရန်နှင့်     တနှစ်ပါတ်လုံး မျှတစွာအသုံးပြုနိုင်ရန်အတွက်   ညှိ၍  ထိန်းသိမ်းမောင်းနှင်ရသည်များရှိသဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုလျော့ နည်းမှုများရှိလာရ၏။

                 ထိုကာလများတွင် သဘာဝဓာတ်ငွေ့သုံး  ဓာတ်အားပေးစက်ရုံများ  နှင့် ကျောက်မီးသွေးသုံး စက်ရုံ တို့က  အဓိကမောင်းနှင်   ထုတ်လုပ်ပေးကြရပေသည်။  ထိုကာလနွေရဲ့ ဝေဒနာများကား သဘာဝ ဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံ များသို့  လုံးလုံးလျားလျား ကျရောက်လို့လာတော့သည်။ 

                 အများပြည်သူ မီးမပြတ်စေရေး အတွက်နည်းမျိုးစုံဖြင့် ဖြည့်ဆည်းကြရ၏ ၊ ယ္ခင်ခေတ် များ က မတတ်သာသည့် အဆုံး ရန်ကုန်  ၊  မန္တလေး စသည့် မြို့ကြီးများတွင် မြို့နယ်အလိုက်  အလှည့်ကျ မီး ပေးသည့် စနစ်ကျင့်သုံးခဲ့ရသည်များလည်း  ရှိခဲ့ပါ၏။

                 ယခုထို  အလှည့်ကျမီးပေးရသည့် စနစ်ကို  ကျော်လွန်လာနိုင်ခဲ့ပြီးဖြစ်ပါသည်။  ၂၀၂၀ ပြည့်နှစ် နွေကာလမူကား  ကိုဗစ် ၊  ကပ်ရောဂါဆိုးကြီးကို တာဝန်ရှိသူများ၏ လမ်းညွှန်ချက်များနဲ့ အညီလိုက်နာ ဖြတ်သန်းခဲ့ကြရ၏။ ထိုကာလ ၂၀၂၀  ဧပြီ ၊  မေ ၊  ဇွန် လများအတွက် ထုတ်နှုတ်ထားသည့် ပုံရိပ်သစ် တွေက ငြင်းပယ်ချင်းငှာ  မစွမ်းသာခဲ့ ၊   ဧပြီလတွင် ဓာတ်အားသုံးစွဲသူ   ဦးရေက  အိမ်သုံး အမျိုးအစားမှာပင်   ၅,၄၂၀,၃၂၉    ဦးရှိပြီး၊ မေလအတွင်း  ၅,၄၄၄,၉၆၅  ဖြစ်၍လာသဖြင့်  ဓာတ်အား တိုးမြှင့် သုံးစွဲ လာသူ  ၂၄,၆၃၆  ဦးရှိ၏။   ဇွန်လတွင်  ၅,၅၀၂,၆၂၁  ဦးထိရှိလာသဖြင့်   ၅၇,၆၅၆ ဦးတိုးထပ်မံ တိုးမြှင့် သုံးစွဲလာ သည် ကို မှတ်တမ်း များ အရတွေ့ ရှိရ၏။                     

                 တိုးမြှင့်သုံးစွဲလာသည့်  ယူနစ် မဂ္ဂါဝပ်များကလည်း  တနိုင်ငံလုံး  အတိုင်းအတာအရစာရင်း ကောက်ယူထားမှုတွင်  ၂၀၁၉  ခုနှစ်၌  အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ  ၃၇၉၇   မဂ္ဂါဝပ် ဖြစ်သော် လည်း ၂၀၁၉-၂၀၂၀ ခုနှစ် ဇွန်လ အထိ  ၆  လတာ ကာလအတွင်း အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ  ၃၈၂၉ မဂ္ဂါဝပ်တိုင် ရှိလာသည်ကို  ကိန်းဂဏန်းများ က ဖော်ပြ လို့နေ၏။ 

                 လျှပ်စစ်ဓာတ်အားများ   တိုးပြီးသုံးစွဲလာကြသည်မှာလည်း   အကြောင်းကြောင့် အကျိုးဖြစ် သည်ဟု  ဆိုရပါမည်။   ထိုကာလများကား  ကိုဗစ်ကပ်ရောဂါကို   တွန်းလှန်ဘို့    ကန့်သတ်ချက်များဖြင့် နေကြ ရ၍ အိမ်ကိုသာ  ကာရာအိုကေဆိုင် ၊  အိမ်ကိုသာ အားကစားခန်းမ၊ အိမ်ကိုသာ အပန်း ဖြေစခန်း၊ အိမ်ကိုသာ ဖျော်ဖြေရေးဂေဟာ အဖြစ်ဖြင့် နေခဲ့ကြရသည်လည်းပါပေသည် ။

                 ဤတွင် ကိုပြုံးချိုတို့ရဲ့အကြီးအကဲတွေခေါင်းခဲကြရ၏။  နည်းမျိုးစုံ  ကြံဆပြီးလျှပ်စစ်ဓာတ် အား တိုးမြှင့် လိုအပ်လာသည် ကို ဖြည့်ဆည်းပေးခဲ့ကြရ၏။

                  ထိုကာလတွင်ရန်ကုန်မြို့ရှိသာကေတသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ၂၅မဂ္ဂါဝပ် ဒီဇယ်အင်ဂျင်သုံး ဓာတ်အားပေးစက် ၁ လုံး နှင့် သီလဝါ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံရှိ  ၂၅  မဂ္ဂါဝပ် ဒီဇယ်အင်ဂျင်သုံး ဓာတ်အားပေးစက် ၂ လုံး တို့ကို မောင်းနှင်စေပြီး၊  နေ့ည မပြတ် ထပ်မံတိုးမြှင့် ထုတ်လုပ်ကာ နိုင်ငံတော်ဓာတ်အားစနစ်၏ ဓာတ်အားလိုအပ်ချက်များ ကို ဖြည့်ဆည်း ပေး ခဲ့ရ၏။

                 ကိုဗစ်ကပ်ရောဂါ ဆိုးကြီးနှင့် နွေကာလတွင်  အများပြည်သူများ ဓာတ်အားပြတ်တောက်မှု မရှိရလေအောင် နိုင်ငံတော် မဟာဗျူဟာ အရံစက်သုံးဆီမှပင် အရေးပေါ် အနေဖြင့် ဒီဇယ်ဆီဂါလံ  ၂,၀၅၀,၀၀၀ တစ်ကြိမ် ၊  ဂါလံ ၁,၀၀၀,၀၀၀  တစ်ကြိမ် နှစ်ရပ်ပေါင်းဒီဇယ်ဆီဂါလံ  ၃,၀၅၀,၀၀၀  ကို ခေတ္တ ချေးယူခဲ့ ပြီး အားချင်း ဖြည့်ဆည်း မောင်းနှင်ကြ ရ၏။  ဒီဇယ်ဆီများ မှသည်  အများပြည်သူ သုံစွဲရန် လိုအပ်နေ သည့် ဓာတ်အားယူနစ်စီသို့ အလျှင်မီအောင် အမြန်ဆုံး ဘဝ ပြောင်းပေးကြရ၏။  

                 သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း နိုင်ငံတော်အစိုးရ  မူဝါဒနဲ့  မကင်းလွတ်ရလေအောင် ဒီဇယ်ဆီများကို တင်ဒါစနစ်ဖြင့် စနစ်တကျ ဝယ်ယူကာ ခေတ္တရယူခဲ့ရသည့် နိုင်ငံတော်မဟာဗျူဟာ အရံ ဆီများကိုပြန်လည် ဖြည့်ပေးခဲ့ကြရသည်။ ၂၀၂၀ ခုနှစ် နွေကာလ မတ်လ မှ ဇူလိုင်လအတွင်း  နိုင်ငံတော် ဓာတ်အားစနစ်၏လိုအပ်ချက်အရတင်ဒါစနစ်ဖြင့် ဝယ်ယူခဲ့ရသည့် ဒီဇယ်ဆီ စုစုပေါင်း ဂါလံ ၆၂၀၀၀၀၀ ရှိပြီး ဖော်ပြပါဒီဇယ်အင်ဂျင်စက် များ ဖြင့် အလျင်းသင့်သလို မောင်းနှင်ဓာတ်အားထုတ်လုပ်ဖြည့်ဆည်း ပေးခဲ့ရပါသည်။ အပြောလွယ်သလောက်အလုပ် ခက်လှပါ၏။ စက်ရုံမှ အရာထမ်း၊ အမှုထမ်းများ နေ့နေ့ ညည  မနားရ ၊ ပင်ပန်းကြီးစွာဖြင့်ကြိုးပမ်း ကြရသည်။။

                 နိုင်ငံတော်ဓာတ်အားစနစ်၏   အနည်းငယ်မျှသောဓာတ်အားလိုအပ်ချက် နှင့် လစ်ဟာမှုများ ကိုလည်း   အများပြည်သူများကလည်း  နားလည်ပေးနိုင်ကြပေပြီ ၊    ဖယောင်းတိုင်  ထွန်းတဲ့အုပ်စုတွေ၊ တစ်ကိုယ်တော်   သူရဲ ကောင်းတွေရှိ မလာခြင်းကလည်း  ငြိပ်ဝပ်ပိပြားမှု  ရှု့ထောင့်အရ   ပြည်သူများကို ကျေးဇူးတင်ရပါမည်။

                 ၂၀၂၀  ခုနှစ် အတွင်း အများပြည်သူများ ဓာတ်အားတိုးမြှင့် အသုံးပြုနိုင်ရန်အတွက်   ထပ်မံတိုးမြှင့် အကောင်အထည်ဖော်  ဆောင်ရွက်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအနေဖြင့်  အောက်ပါအတိုင်း တွေ့ရှိရပါသည်။

                  စဉ်                               စက်ရုံ                                         စက်တပ်ဆင်       

                                                                                                       အင်အား (MW)      

                  (က) ကျွန်းချောင်းသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ      ၂၀.၅၄                

                  (ခ)   အလုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ             ၁၅၁.၅၄               

                  (ဂ)   သာကေတ ( LNG ) သုံးဓာတ်အားပေးစက်ရုံ                  ၄၀၀.၀၀            

                  (ဃ) သီလဝါ(LNG)သုံးဓာတ်အားပေးစက်ရုံ                           ၃၅၀.၀၀             

                  (င)   ကျောက်ဖြူ ( LNG ) သုံးဓာတ်အားပေးစက်ရုံ                 ၁၅၀.၀၀           

                  (စ)   ရွှေတောင်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ          ၂၈.၀၀ 

                                                               စု  စု  ပေါင်း                   ၁၁၀၀.၀၈

                 ထို့အပြင်  နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး ၊  မကွေး ၊  ပဲခူး ၊ စစ်ကိုင်း ၊  ဧရာဝတီ စသည့် တိုင်းဒေသကြီးများတွင်  ၃၀  မဂ္ဂါဝပ်  မှ    ၅၀  မဂ္ဂါဝပ် ထိ ထွက်ရှိမည့်  SOLAR   လုပ်ကွက်   ၃၀ဖြင့်  ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်မည့်   Ground   Mounted  Solar  Power  Project  In  Myanmar     ကို   IPP / BOO  စနစ်ဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်ရန်  စီစဉ်နေပြီဖြစ်ရာ   အဆိုပါ  စီမံကိန်း ဖြင့် ဓာတ်အားစတင်  ထုတ်လုပ်သည်မှ နောင်အနှစ်  ၂၀ တိုင် အသုံးပြုနိုင် မည်ဖြစ်ပါသည်။

                 လျှပ်စစ်ရထားကြီးကတော့  ဓာတ်ငွေ့ရည်၊   ဓာတ်ငွေ့၊  ရေအား၊   လေအား၊  နေစွမ်းအင် ကျောက်မီးသွေး ၊   မြေအောက်  အပူစွမ်းအင်စသည်ဖြင့်  အသစ်သစ်သော  စွမ်းအင် မျိုးစုံကို  အသုံးချ ၊ စွမ်းပကားမျိုးစုံကို    ကြံဆပြီး နည်းလမ်း မျိုးစုံဖြင့်  ဆက်လက်ခုတ် မောင်းနေပေအုံးတော့မည်။

                 ၂၀၁၉   ခုနှစ်   ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းကို  မီးအလင်းပေး နိုင်ခဲ့သည့် အခမ်းအနားကြီးကို ကျင်းပနိုင်ခဲ့ပေပြီ၊  ၂၀၂၀  တွင်လည်း တတ်နိုင်စွမ်းအားရှိသမျှ  တိုးမြှင့် မီးပေး နိုင်ရေး   ဆက်၍- ----ဆက်၍သာ------။  

                 ကျားကပဲ   စားနိုင်လေမလား  သမင်ကပဲ မွေးနိုင်ပေမလားဟု။

24-Sep-2020