The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပေါက်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ လျှပ်စစ် ဓာတ်အား ဆောလျင်စွာ ဖြန့်ဖြူးပေးနိုင်ရန် အလို့ငှာ သပြေကန်ကျေးရွာကို အခြေပြု၍ 33/11 KV (5) MVA ဓာတ်အားခွဲရုံ တစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

            ၂၀၂၀-၂၁ တွင် ပေါက်တောမြောက်ပိုင်း၊ သပြေကန်ကျေးရွာကို အခြေပြုပြီး 33 KV ဓာတ်အားခွဲရုံ တစ်ရုံဆောက်ရန် ဖြစ်ပါကြောင်း၊ ပေါက်တောမြို့နယ် မြောက်ပိုင်းကို ရည်မှန်းချက် ကာလ ၂၀၂၃-၂၀၂၄ တွင် ဆွဲမည်ဟု သိရပါကြောင်း၊  ၂၀၂၀-၂၀၂၁ တွင် ဆောလျင်စွာ ဖြန့်ဖြူး ပေးရန် ရည်ရွယ်ချက်တစ်ချက်နှင့်၊ ပေါက်တောမှ မြောက်ပိုင်းကို မထွက်ဘဲ အထက်က မင်းပြားနှင့် နီးသည့် မြောက်ပိုင်းကိုသာ မင်းပြားမှ သွယ်ရန် တောင်းဆိုခြင်း ဖြစ်ပါကြေကာင်း၊ ၎င်းနှစ်ချက် ဖြစ်ပါကြောင်း၊ ၎င်းနေရာတွင် ၂၀၁၇-၂၀၁၈ minibudget တွင် စခဲ့သည့် သုံးနှစ်ကာလတွင် ပြီးပြီး ဖြစ်ပါကြောင်း၊ ယခု အခုတင်ပြသည့် ကိစ္စသည် သပြေကန်ကျေးရွာကို ၂၀၂၃-၂၀၂၄ အစား ရှေ့ကိုတိုးပြီး ၂၀၂၀-၂၀၂၁ တွင် လုပ်ပေးရန် တင်ပြခြင်း ဖြစ်ပါကြောင်း၊ ပေါက်တောမြို့သည် ဧရိယာ စတုရန်းမိုင် ၄၁၃ မိုင် ကျယ်ဝန်းပြီး ရပ်ကွက် ကျေးရွာအုပ်စု ၅၈ အုပ်စု၊ ကျေးရွာပေါင်း ၁၇၉ ရွာ၊ အိမ်ထောင်စု ၄၀၀၀၀ ကျော်၊ လူဦးရေ ၂၀၀၀၀၀ နီးနီး ၁၉၄၀၀၀ ရှိပါကြောင်း၊ မြို့ကြီးတစ်မြို့ ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဓာတ်အားလိုင်းသည် ပေါက်တောကို ၂၀၁၇-၂၀၁၈ တွင် မင်းပြားမှ တစ်ဆင့် ရောက်ပါကြောင်း၊ ပြည်နယ်ရန်ပုံငွေဖြင့် နှစ်နှစ်အတွင်း တွင် ဓာတ်အား ဆက်သွယ်လိုက်သည့်အတွက် ၂၀၁၇-၂၀၁၈ တွင် ငါးရပ်ကွက်နှင့် ကျေးရွာကိုးရွာ၊ ၂၀၁၈-၂၀၁၉ တွင် ကျေးရွာ ၁၁ ရွာ ဖြစ်ပါကြောင်း၊ ဓာတ်အား ဖြန့်ဖြူးနိုင်မှု အခြေအနေသည် အိမ်ထောင်စု ၈၀၆၈ နှင့် လူဦးရေ ၃၇၅၁၇ ဦးဖြစ်ပါကြောင်း၊။ ၎င်းအခြေအနေကို လေ့လာပါက ပေါက်တောမြို့နယ်၏ ဓာတ်အား ဖြန့်ဖြူးနိုင်မှု Electrification Ratio သည် ၁၈.၆၂ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ ၎င်းသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာတစ်နိုင်ငံလုံး ဓာတ်အားဖြန့်ဖြူးနိုင်မှု အချိုး ၅၀ ရာခိုင်နှုန်းကို မီရန် မဆိုထားနှင့် ရခိုင်ပြည်နယ်၏ ဓာတ်အား ဖြန့်ဖြူးနိုင်မှု အချိုး ၃၀.၅၅ ရာခိုင်နှုန်းကို မမီပါကြောင်း၊၎င်း Skill နှင့်သာ ဆက်လက် ဆောင်ရွက်နေပါက ၂၀၃၀တွင် တစ်မြို့နယ်လုံး မီးလင်းရေးမှာ အလှမ်းဝေးနိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးရရှိရေးသည် ရခိုင်ပြည်နယ်၏ နှစ်ပေါင်းများစွာက မက်လာခဲ့သည့် စိတ်ကူးအိမ်မက် များဖြစ်သည့်အပြင် မြို့နယ်၊ ကျေးလက် ဖွံ့ဖြိုးရေး မညီမျှမှုကို လည်းလျှော့ချနိုင်မည်ဖြစ်ခြင်းကြောင့် ပေါက်တောမြို့မြောက်ပိုင်းကို ရည်မှန်း ကာလထက်စောပြီး ရှေ့ကိုတိုးလို့ ဆောင်ရွက်ရန် တင်ပြခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ချက် အနေဖြင့် နိုင်ငံတော်ဓာတ်အားလိုင်းသည် ပေါက်တောမဟုတ်ဘဲ မင်းပြားမှ မြောက်ပိုင်းသွယ်တန်း နိုင်မည်ဆိုပါက စရိတ်စကလည်း သက်သာမည်ဖြစ်သည့်အပြင် လုပ်ရကိုင်ရလည်း လွယ်ကူမည် ဖြစ်ခြင်းကြောင့် ပေါက်တော-မင်းပြား-တုတ်ပင်လယ်ကျေးရွာမှ ပေါက်တောချောင်း ကို ဖြတ်ပြီး တိုက်ရိုက် သွယ်တန်းပေးဖို့ ဖြစ်ရန်ဖြစ်ပါကြောင်း၊ ထို့အပြင် ချောင်းနေပတ်ဝန်းကျင် အခြေအနေ အရလည်း ကျေးရွာအုပ်စု ၁၁စု၊ ကျေးရွာ ၃၀၊ အိမ်ထောင်စု ၆၆၀၇၊ လူဦးရေ ၃၁၁၆၀ ရှိသည့်အတွက် အင်မတန်လုပ်သင့်လုပ်ထိုက်သည့်နေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၃-၂၀၂၄ ကာလ မတိုင်မီ ၂၀၂၀-၂၀၂၁ တွင်       ပေါက်တောမြောက်ပိုင်း၊ သပြေကန် ကျေးရွာကိုအခြေပြု၍ 33KV ဓာတ်အားခွဲရုံတစ်ရုံဆောက်လုပ်ပေးဖို့ အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အား ရရှိရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ထပ်မံဆောင်ရွက်ရန်လိုအပ်သော ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံများနှင့်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများအတွက် နှစ်အလိုက်စီမံချက်ရေးဆွဲလျက်ရှိပြီး ရခိုင်ပြည်နယ်အတွက် ၆၆ ကေဗွီနှင့် ၃၃ ကေဗွီဓာတ်အားခွဲရုံ ၄၀ ရုံ၊ ၆၆ ကေဗွီဓာတ်အားလိုင်း ၃၇၁ မိုင်နှင့် ၃၃ ကေဗွီဓာတ်အားလိုင်း ၂၃၀ မိုင် ထပ်မံ တည်ဆောက်ရန် လျာထားပြီး စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်ကျပ် ၁၄၁ ဘီလီယံခန့်ကုန်ကျမည် ဖြစ်ပါကြောင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများတည်ဆောက်ခြင်းအတွက် စီမံချက်လျာထား ရေးစွဲရေးသည် နည်းပညာပိုင်းအရ ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ ချိတ်ဆက်ဓာတ်အားပေး နိုင်မည့်အခြေအနေ၊ တည်ဆောက်မည့်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းမှအကျိုးပြုနိုင်မည့် ကျေးရွာ၊ အိမ်‌ထောင်စုပမာဏ၊ ချေးငွေနှင့်နိုင်ငံတော်ဘဏ္ဍာငွေမှ ခွင့်ပြုရရှိနိုင်မည့်ပမာဏအပေါ် မူတည်၍ အနီးစပ်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အခြေအနေအား စိစစ်ကာ နှစ်အလိုက်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းချက်ပါ ပေါက်တောမြို့နယ် မြောက်ပိုင်းရှိကျေးရွာ ၁၁ရွာ၊ အိမ်ထောင်စုပေါင်း ၆၆၀၀ကျော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နိုင် ရေးအတွက် သပြေကန်ကျေးရွာတွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက် ရမည်ဖြစ်ပြီး ပေ ၁၂၀၀ အရှည်ရှိ စွန်ရဲမြစ်ကျော်၊ ပေ ၆၀၀ အရှည်ရှိ လက်မယာ ချောင်းကျော်တို့နှင့် အတူ ကိုးမိုင်အရှည်ဓာတ်အားလိုင်းတို့ကို တစ်ပြိုင်တည်း တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများစာရင်းတွင် ထည့်သွင်းထားပြီးဘဏ္ဍာ ငွေခွင့်ပြုချက်ရရှိမှု အပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

လျှပ်စစ်နှင့်စွမ်းအင်

https://www.pyithu.hluttaw.mm/question-4194

05-Feb-2020