ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံ၏ Unit (1) မကြာခဏ ပျက်နေမှုနှင့် ပတ်သက်၍ ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းကို ၂၀၀၂-၀၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၁-၁၂ ခုနှစ်တွင် ပျက်စီးခဲ့ပါကြောင်း။ ဓာတ်အားပေးစက်ရုံနှင့် ဆက်စပ် အဆောက်အအုံများ၏ ကုန်ကျစရိတ် ကျပ်သန်းပေါင်း ၃၀,၈၈၈ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၈.၄၄ သန်းရှိပါကြောင်း။ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှု ၃၇၀ ကီလိုဝပ်နာရီသန်းပေါင်းရှိပြီး စက်တပ် ဆင်စွမ်းအားသည် ၃၇ မဂ္ဂါဝပ် နှစ်လုံး၊ ၇၄ မဂ္ဂါဝပ် ဖြစ်ပါကြောင်း။ ၎င်းစက်ရုံသည် နိုင်ငံအတွက် လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်ပေး၍ နိုင်ငံ့ဝင်ငွေရစေပြီး အောက်ဘက် ပွင့်ဖြူမြို့နယ်မှ လယ်ဧက ၉၀,၀၀၀ ကျော် နွေစပါး စိုက်ပျိုးရန် စိုက်ပျိုးရေပေးဝေနိုင်ပါကြောင်း၊သို့သော် စက်စတင် လည်ပတ်ချိန်မှစပြီး ပြဿနာများရှိခဲ့သည်မှာ ယခုအချိန်ထိရှိဆဲဟု သိရပြီး မကြာခဏ စက်ချို့ ယွင်း ရပ်နားထားရပါကြောင်း။ ဤနေရာတွင် အခက်အခဲတစ်ခုမှာ အထက်ဘက် မုန်းတမံနှင့် အောက်ဘက် ကြီးအုံကြီးဝတမံသည် ရေမိုင် ၂၂.၅ မိုင်သာရှိပြီး နီးကပ် လွန်းနေပါ ကြောင်း၊ ရေဆင်းကောင်းသည့်မုန်းချောင်းနှင့် မုန်းစက်ရုံမှရေများ ဆီမီးချောင်း၊ ကြီးချောင်းမှ ရေများစီးဝင်ပြီး ကြီးအုံကြီးဝရေအားလျှပ်စစ်စက်ကို လည်ပတ်ပါကြောင်း၊ ကြီးအုံကြီးဝ Generator များ ချို့ယွင်း၍ရပ်ထားရပါက စိုက်ပျိုးရေးပေါက်မှလည်း ထုတ်လို့မရလျှင် တမံ ကြီးသည် အလုံပိတ်လှောင်ထား၍ ရေလှောင်ပမာဏမြင့်တက်လာပြီး တမံနှစ်ခုကြား ရေကန် ကြီးထဲမှ မိမိတို့မြို့နယ် ပတ်ဝန်းကျင်ရွာများ၊ လယ်ယာများ နှစ်စဉ်နီးပါး နစ်မြုပ်ကြ ရေဘေး ကြုံကြရပါကြောင်း။ မိုးတွင်းကာလရေကြီးချိန်တွင် စက်ပျက်၍နစ်မြုပ်ရပြီး။ ဆောင်းဦးပေါက် နှင့် နွေကာလ ရေကျပြီးလယ်ယာများပြန်ပေါ်ချိန်တွင် တစ်သီးလေးစားလို့စားရငြား စွန့်စားပြီး စိုက်ပြန်သော်လည်း ယခုလို စက်နှစ်လုံးလုံးရပ်ထားရသည့်အတွက် အကြိမ်ကြိမ် နစ်မြုပ် ဆုံးရှုံး ရပါကြောင်း၊စက်အမှတ်(၁)သည် ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက ယနေ့အထိ ပျက်နေပြီး စက် အမှတ်(၂)သည်လည်း ၁၀.၁၂.၂၀၁၉ ရက်နေ့တည်း က ပြုပြင်ရန်ရပ်ထားရကြောင်း၊ စိုက်ပျိုးရေ ပေါက်မှလည်း မထုတ်နိုင်ဘဲ ရေတစ်ပြီး ကျေးရွာအုပ်စု ရှစ်ခု၊ ကွင်း ၁၂ ကွင်းမှ တောင်သူ ၁၅၆ ဦး၏ ပဲမျိုးစုံ ၁၆၄ ဧကမှာ မကြာသေးခင်ရက်ပိုင်းက ပျက်စီးခဲ့ပါကြောင်း၊ စေတုတ္တရာမြို့နယ် အောက်ဘက် သုံးမိုင်အကွာ မြေနီကုန်းကျေးရွာအထိ ကြီးအုံကြီးဝ တမံရေဝပ်ဧရိယာတွင် မပါဝင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် ဇူလိုင်လ တမံစမ်းသပ်ပိတ်သည့် အချိန်တွင် ရိတ်လုသိမ်းလုဆဲ ပဲခင်း၊ နှမ်းခင်းများ နစ်မြုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် မိုးရာသီတွင်လည်း ရေပြင်ကြီးတက်လာပြီး ထပ်မံနစ်မြုပ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် မိုးရာသီနစ်မြုပ်ချိန်တွင် စေတုတ္တရာ နှင့် မြေနီကုန်း ကျေးရွာကြား ကွင်းအမှတ် ၉၁၊ ၉၂၊ ၉၃(က)၊ ၉၃ (ခ)၊ ၁၀၀၊ ၁၀၁၊ ၁၀၂ ကွင်းများမှ ဦးပိုင်ပေါက် အခွန်ပြေစာ သွင်းလယ်ယာမြေများကို မည်သည့်နစ်နာကြေး၊ လျော်ကြေး၊ အစားထိုး မြေယာမှ မပေးဘဲနှင့် ကြီးအုံကြီးဝ တမံရေဝပ်ဧရိယာ သတ်မှတ်လိုက်သည့်အတွက် အတိဒုက္ခ ရောက်ခဲ့ ကြပါကြောင်း၊တာဝန်ရှိသူမှ ရေနစ်သည့်နေရာတွင် ဆင်းစိုကလျှင် နစ်မည်ဆိုသည့် သတ်မှတ် ချက်အောက်တွင် ဘိုးဘွားပိုင် ဦးပိုင်ပေါက်လယ်ယာများသည် နစ်မြုပ်ပျက်စီးသမျှ မည်သည့် သီးနှံ လျော်ကြေးမျှမရ ရှိခဲ့ကြပါကြောင်း၊ ထို့ကြောင့် ဤလယ်ယာမြေများအတွက် အစားထိုး မြေယာများ ဖော်ထုတ်ပေးရန် တိုင်းအစိုးရကိုတင်ပြထားသည်မှာ သုံးနှစ်လောက် ရှိပါ ကြောင်း၊ နိုင်ငံတော်အတွက် နစ်နာပေးဆပ်ခဲ့ရသည့် တောင်သူများကို လယ်ယာမြေ အသစ်များ ဖော်ထုတ်ပေးမှ စေတုတ္တရာ ပြည်သူများ စားဝတ်နေရေးအဆင်ပြေမည်ဖြစ်၍ အားကိုးတကြီးနှင့် စောင့်စားနေကြ၊ မျှော်လင့် နေကြပါကြောင်း၊ Generator အမှတ်(၁) မကြာခဏပျက်နေ ခြင်းသည် တိုင်းပြည်အတွက် နစ်နာသကဲ့သို့ မိမိတို့ စေတုတ္တရာမြို့နေ တောင်သူများအတွက် ထိခိုက်နစ်နာရသည့်အတွက် မိမိ အနေဖြင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံမှ မကြာခဏ ပျက်နေသည့် Generator အမှတ်(၁)အား အသစ်တပ် ဆင်ပေးခြင်း သို့မဟုတ် အမြန်ပြင်ဆင်ပေး ခြင်း ပြုလုပ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါ ကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံမှ မကြာခဏ ပျက်နေသော Generator အမှတ်(၁)အား အသစ်တပ်ဆင်ခြင်း သို့မဟုတ် အမြန်ပြင်ဆင်ခြင်း လုပ်ငန်းများ ပြုလုပ်ပေးပါရန် မေးခွန်းနှင့်ပတ်သက်၍ ကြီးအုံကြီးဝ ရေအားလျှပ်စစ်ဓာ တ်အားပေး စက်ရုံကို ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း၊ စက်ရုံမှာ စက်တစ်လုံး၏ တပ်ဆင်အင်အားမှာ ၃၇ မဂ္ဂါဝပ်ဖြစ်ပြီး နှစ်လုံးပေါင်း ၇၄ မဂ္ဂါဝပ် တပ်ဆင် အင်အားဖြစ်ပါကြောင်း၊ ၎င်းစက်ရုံ၏တာဘိုင်ပိုင်းမှာ သင်္ဘောပန်ကာနှင့် ပုံသဏ္ဍာန်တူသည့် Kaplan တာဘိုင်အမျိုးအစား စက် နှစ်လုံးတပ်ဆင်ထားခြင်း ဖြစ်ပါကြောင်း ၊ ဓာတ်အား ပေးစက်များ မောင်းနှင်ခဲ့သည်မှာ သက်တမ်း ၇ နှစ်ခန့်ကြာမြင့်နေပြီ ဖြစ်ပါကြောင်း ၊ ကြီးအုံ ကြီးစက်၏ စက်အမှတ်(၁)သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ထူးထူးခြားခြား တုံခါမှုဖြစ်ပေါ်လာပြီး ဓာတ်အားပေးစက်ကို မိမိတို့ အရေးပေါ် ရပ်တန့်စစ်ဆေးသည့်အခါတွင် တာဘိုင်ဘလိတ်များ ကွဲအက်နေသည်ကို တွေ့ရှိရ သည့်အတွက် ဤစက်ကို မောင်းနှင်ရန် မသင့်တော်သောကြောင့် ရပ်တန့်လိုက်ရပါကြောင်း၊ ဤချို့ယွင်း သွားသည့်တာဘိုင်ကို အမြန်ဆုံး ဝယ်ယူရန်အတွက် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာ များတွင် ၂၁-၉-၂၀၁၉ ရက်နေ့နှင့် ၂၂-၉-၂၀၁၉ ရက်နေ့များမှာ Open Tender ကြော်ငြာထည့်သွင်း ပြီးဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၄-၁၂-၂၀၁၉ ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ တင်ဒါကော်မတီမှာ ဖတ်ကြားစိစစ်ပြီး တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက် နိုင်ရန်အတွက် Letter Of Acceptance(LOA) ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ တင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီမှပစ္စည်းများ မှာယူထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ခုနှစ် ဩဂုတ်လခန့်တွင် ထုတ်လုပ်ခြင်း လုပ်ငန်းများ ပြီးစီး၍ ကြီးအုံကြီးဝစက်ရုံကို ပြန်ရောက် ရှိလာမည်ဖြစ်ပါကြောင်း၊ စက်ရုံကိုရောက်ရှိလာပါက တပ်ဆင်ခြင်း သုံးလခန့် ကြာမြင့်မည် ဖြစ်သည့် အတွက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလခန့်တွင် ချို့ယွင်းသွားသည့် စက်အမှတ်(၁)သည် ပြန်လည်လည်ပတ်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိ လည်နေသည့် စက်အမှတ်(၂) မှာလည်း လွန်ခဲ့သည့် ရက် ၂၀ လောက် က တာဘိုင်ရှပ်စီးသည် ရေဝင် သောကြောင့် စက်ရုံကို ရေမြုပ်နိုင်သည့်အန္တရာယ်ရှိ၍ အမြန်ဆုံးရပ်တန့် ပြီးပြုပြင်ခဲ့၍ ၂၉ ရက်နေ့တွင် နံပါတ်(၂)စက်သည် ပြန်လည်ပြီဖြစ်ပါကြောင်း၊ ကြီးအုံကြီးဝ စက်ရုံတွင် တာဘိုင် ချို့ယွင်းနေသည့်အမှတ်(၁)သည် နိုဝင်ဘာလခန့်မှ လည်နိုင်မည်ဖြစ်ပြီး ယခုလက်ရှိ စက်အမှတ်(၂) သည် ယမန်နေ့က ပြန်လည် လည်ပတ်နေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း
https://www.pyithu.hluttaw.mm/question-4195