The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူများသုံးစွဲခဲ့သည့် လျှပ်စစ်မီတာခများ တိကျစေရန်နှင့် မီတာဖတ်စာရေးများ မှန်မှန်ကန်ကန် ဖတ်ပြီး စာရင်းရေးသွင်းနိုင်ရန် မည်သို့စီစဉ်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

            လက်ရှိပြည်သူများ အဆင်မပြေဖြစ်နေသော ပြည်သူများ သုံးစွဲခဲ့သည့်လျှပ်စစ်မီတာခများ မတိကျမှု များ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီတာခများတိကျစေရန်နှင့်မီတာဖတ်စာရေးများက တချို့နေရာများတွင် သွားရောက်ဖတ်ယူခြင်းမရှိဘဲမှန်းပြီးထည့်သည်များရှိနေသောကြောင့် မီတာဖတ်စာရေးများ မီတာယူနစ်များကို မှန်မှန်ကန်ကန် စာရင်းသွင်းနိုင်ရန် တချို့နေရာများတွင် မီတာများက ဟောင်းနွမ်းဆွေးမြည့်နေပါကြောင်း၊ သို့သော်လည်း နေရာနှင့်အလိုက် မိမိတို့ကျောက်တံတား Downtown Township များတွင် မီတာပုံးများက ကြည့်၍မရသောနေရာများ၊ မီတာများတွင် မကောင်းသည့်ပစ္စည်းများ ဖြစ်နေသည့်အတွက် တချို့ Downtown မြို့နယ်များတွင် အထူးသဖြင့် မီတာဖတ်သည့်ယူနစ်များ မှားယွင်းနေသောကြောင့် ခန့်မှန်းဖတ်သည့်အတွက် ပြဿနာပေါင်းစုံကို ဖြေရှင်းနေရပါကြောင်း၊ အချို့နိုင်ငံများတွင် မီတာစနစ်သည် အလွန်ကောင်းမွန်သည့် AMI Digital Meter စနစ်များဖြစ်ပြီး တယ်လီဖုန်းကနေ ကြည့်၍ရပြီး မိမိတစ်နေ့တာ မည်မျှသုံးသည်ကို ကြည့်၍ရပါကြောင်း၊ Voltage ပြည့်၊ မပြည့်ကိုလည်း ကြည့်၍ရသည့် AMI စနစ်များ ပေါ်ထွန်းနေပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် တစ်နေရာနှင့်တစ်နေရာမတူပါကြောင်း၊ Downtown Township များမှာ ခုနစ်ထပ်၊ ရှစ်ထပ်အဆောက်အအုံများရှိသော်လည်း အချို့နေရာများသည် မြေညီထပ် တွင်သာ လုံးချင်းအိမ်၊ ခြံ၊ဝန်းနှင့်နေသည့်နေရာများလည်း ရှိပါကြောင်း၊ ထို့အပေါ်မူတည်ပြီး လျှပ်စစ် ဝန်ကြီးဌာနအနေဖြင့် မည်သို့စီမံကိန်းများချပြီး ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း၊နောက်တစ်ခုမှာ မိမိတို့အစိုးရလက်ထက်တွင် ထုတ်လုပ်ရေးနှင့်ပတ်သက်၍ လျှပ်စစ် ၁၁၆ မဂ္ဂါဝပ်ကို လည်း အလုံမြို့၊ သန်လျင်မြို့၊ သာကေတမြို့၊ ရခိုင်ပြည်နယ်(ကျောက်ဖြူမြို့)၊ ရွှေတောင်မြို့တို့တွင် ထုတ်လုပ်နိုင်ခဲ့ပြီး လက်ရှိ ဆိုလာတင်ဒါ ၁,၀၀၀ မဂ္ဂါဝပ်ကျော်ကို ခေါ်ထားပါကြောင်း၊ ယမန်နေ့က ဂျပန်နိုင်ငံနှင့်ပူးပေါင်းပြီး သီလဝါတွင် ၁,၀၀၀ မဂ္ဂါဝပ်ကို Note to Proceed ပေးလိုက်ပါကြောင်း၊ မိမိတို့အစိုးရသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်လုပ်ရေးအပိုင်းတွင် ပြည်သူများ သုံးစွဲနိုင်အောင် ထုတ်လုပ်ရေးများလုပ်နေသည်ကို အသိအမှတ်ပြုပါကြောင်း၊ သိူ့သော်လွန်ခဲ့သည့် နှစ်ရက်က တစ်နိုင်ငံလုံးမီးပျက်ပြီး ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ခြောက်နာရီခန့် မီးပျက် သွားပါကြောင်း၊ အဓိကမှာ  Distribution (ဖြန့်ဖြူးရေး)နှင့်ပတ်သက်ပါက အိတ်ပေါက်နှင့် ဖားကောက်ဖြစ်နေပါကြောင်း၊ ထုတ်လုပ်ရေးက အများကြီးထုတ်နေပြီးလွှင့်နေသော်လည်း ဖြန့်ဖြူးရေးကို သေချာမလုပ်သည့်အတွက် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ ဖြစ်ပေါ်နေပါ ကြောင်း၊ အထူးသဖြင့် ဝန်ကြီးဌာနအနေနှင့် ယခုအချိန်သည် ကိုဗစ်ကာလဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လစာမရခြင်း၊ လစာများလျှော့ယူရခြင်း၊ စသဖြင့် ၎င်းတို့၏ဝင်ငွေများသည် ယခု အချိန်တွင် ပုံမှန်မဟုတ်ဘဲ လျှော့ကျသည့်အနေအထားများရှိပါကြောင်း၊ အရောင်းအဝယ်များလည်းမကောင်းကြသည့်အတွက် ပိုက်ဆံကို ချင့်ချင့်ချိန်ချိန်နှင့် သုံးစွဲနေရပါကြောင်း၊ ထို့အတွက် ပြည်သူများ၏ကိုယ်စား မီတာစနစ်ကို တိတိကျကျဖြစ်အောင်နှင့် မီတာဘေလ်များကို မှန်မှန်ကန် ကန်နှင့် ဖြစ်နိုင်အောင် မည်သို့လုပ်ဆောင်မည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။

            လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်တွင်ရှိသည့်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့သည့် လစဉ် ၁ ရက်မှ ၅ ရက်အတွင်း မီတာဖတ်ရှုပြီး ၆ ရက်မှ ၁၀ ရက်အတွင်း မီတာဘေလ်ပြုစုကာ ၁၁ ရက်မှ ၁၅ ရက်အတွင်းတွင် မီတာဘေလ် ဝေငှခြင်းလုပ်ငန်းများကို လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ တစ်လအတွင်း သုံးစွဲခဲ့သော လျှပ်စစ်မီတာ သုံးစွဲသည့်ယူနစ်များကို ဖတ်ယူရာတွင် ပုံစံသုံးမျိုးအနက် တစ်မျိုးမျိုးနှင့် မှတ်တမ်းတင် ကောက်ယူလျက် ရှိနေပါကြောင်း၊ ပထမပုံစံမှာ လူကိုယ်တိုင် မီတာတစ်လုံးစီဖတ်ရှု မှတ်တမ်းတင်ခြင်းဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ အဝေးဖတ်ကိရိယာဖြစ်သည့် Hand Held Unit (HHU) ဖြင့် အလိုအလျောက် ဖတ်ယူမှတ်တမ်း တင်သည့်စနစ်ဖြစ်ပါကြောင်း၊ တတိယတစ်ခုမှာ ဌာန၏ထိန်းချုပ်ခန်းမှာရှိသည့် ကွန်ပျူတာစနစ်မှ တစ်မြို့နယ်လုံးရှိ မီတာအားလုံးကို အချိန်တိုအတွင်း ဖတ်ရှုသည့် စနစ်စသည်ဖြင့် သုံးမျိုး ဖြင့် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ လူကိုယ်တိုင် ဖတ်သည့်မီတာများအတွက် မီတာစာရေး တစ်ဦးကို မီတာအလုံး ၈၀၀ ဖတ်ရှုရန်တာဝန်ခွဲဝေချထားပြီးဖြစ်ပါကြောင်း၊ လူကိုယ်တိုင်ဖတ်ရှုပြီး အခြေအနေကို မီးသုံးစွဲပြည်သူများကို အသိပေးရန်အတွက် မှာကြားထားပြီးဖြစ်ပါကြောင်း၊ ပြည်သူများမှ မေးမြန်းလိုသည့်အချက်များရှိပါက ချက်ချင်း ရှင်းလင်းဖြေကြားသွားရန်နှင့် ကိုယ်တိုင် ဖြေ၍မရပါက သက်ဆိုင်ရာရုံးတွင်ရှိသော သက်ဆိုင်ရာအင်ဂျင်နီယာများမှ ဆက်လက်တာဝန် ယူဖြေရှင်းပေးရန်မှာကြားထားပြီးဖြစ်ပါကြောင်း၊ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် မီးသုံးစွဲသည့်သူ ၁.၄၄၆ သန်းကျော်ရှိပါကြောင်း၊ မီတာစာရေး (အမြဲတမ်းဝန်ထမ်း) အနေဖြင့် ၃၄၂ ဦး၊ နေ့စား မီတာစာရေး ၆၇၁ ဦး စုစုပေါင်း မီတာစာရေး ၁,၀၁၃ ဦးရှိပါကြောင်း၊ လယ်ဂျာစာရေးအနေနှင့် ၈၃၇ ဦးဖြင့် လုပ်ငန်းများကို လည်ပတ်လျက်ရှိနေပါကြောင်း၊ အဝေးဖတ်ကိရိယာဖြစ်သည့် HHUနှင့် ဖတ်ရှုမှတ်တမ်းတင်ရသည့် Smart မီတာများ ပိုမိုကျယ်ပြန့်စွာ ဝယ်ယူတပ်ဆင်နိုင်ရေးအတွက် Meter Specification များကို ရေးဆွဲပြီးဖြစ်ပါကြောင်း၊ တစ်ရက်လျှင် HHU ကိုသုံးပြီး မီတာအလုံးပေါင်း ၃,၀၀၀ ခန့်ကို အလို အလျောက် ဖတ်ရှုမှတ်တမ်းတင်နိုင်သည့်အတွက်ကြောင့် အချိန်ကုန်သက်သာသကဲ့သို့ မီတာဖတ် စာရေးများ၏ လွဲမှားမှုများကြောင့် ဖြစ်ပေါ်လာသည့်အမှားများကို ပယ်ဖျက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို Smart မီတာများ ဝယ်ယူရေးအတွက်ကို ခွင့်ပြုပြီးဖြစ်သည့်အတွက် ဝယ်ယူရန် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ Smart Meter များ မပြည့်စုံသေးသည့်အချိန်တွင် မီတာစာရေးများ၊ လယ်ဂျာစာရေး များကို လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလို တိုးမြှင့်ခန့်ထားပြီး စနစ်တကျ ဖတ်ရှုရန်အတွက် ဌာနမှကြီးကြပ်ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဌာန၏ထိန်းချုပ်ခန်းမှ တစ်မြို့နယ်လုံးရှိ မီတာအားလုံးကို အချိန်တိုအတွင်း မီတာဖတ်ရှုနိုင်သည့် Advanced Metering Infrastructure (AMI) စနစ်သည် မိမိသုံးစွဲနေသည့် လက်ကိုင်စမတ်ဖုန်းများဖြင့် လျှပ်စစ်မီးသုံးစွဲနေမှုအခြေအနေ၊ မီတာသုံးစွဲ သည့်ယူနစ်၊ မိမိဆီမှာအသုံးပြုနေသည့် ဗို့အားပြည့်၊ မပြည့်ကိုလည်း ကြည့်ရှုနိုင်ပါကြောင်း၊ မသမာမှုပြုလုပ်မည်ဆိုပါက မီတာကဖော်ပြနေပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပန်းဘဲတန်းမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်များတွင် စမ်းသပ် အသုံးပြုနေပြီဖြစ်ပါကြောင်း၊ ထပ်မံတိုးချဲ့ပြီး AMI စနစ်ကို တိုးချဲ့တည်ဆောက်လျက်ရှိပါကြောင်း၊ ဓာတ်အားပျောက်ဆုံးမှု၏ လျော့နည်းမှုကို လက်တွေ့ခံစားရပါကြောင်း၊ လူကြောင့် ဖြစ်ပေါ်သည့် အမှားများ ပပျောက်စေပါကြောင်း၊ AMI စနစ်၏ Specification ကို မိမိတို့နိုင်ငံတော်နှင့် ကိုက်ညီ မည့် အခြေအနေရအောင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ Specification ပြုစုနေပါကြောင်း၊ ပြီးစီးသည့်အခါ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် Phase by Phase တစ်ခုချင်း ဆောင် ရွက်သွားရန်အတွက် အစီအစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ဖတ်ယူပြီးမီတာယူနစ်များကို ကွန်ပျူတာအသုံးပြုပြီး Computer Billing System ဖြင့် စာရွက်များ ထုတ်ပေးသည့်အတွက် အချိန်တိုအတွင်း မီတာစာရွက်များဖြန့်ဝေနိုင်ပါကြောင်း၊ လတ်တလောတွင် AMI စနစ်မတပ်ဆင်နိုင်သေးမှီ မီတာစာရွက်လက်ခံရရှိသည့် မီသုံးသူ မိဘပြည်သူများအနေဖြင့် မီးသုံးသည့်ယူစနစ်အပေါ်တွင် သံသယဖြစ်ပေါ်လာပါက သက်ဆိုင်ရာမြို့နယ်ရုံးများသို့ ဆက်သွယ်၍ စစ်ဆေးပေးရန် အကြောင်းကြားပါက သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံး လာရောက်စစ်ဆေး ဖြေရှင်းပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူအများသုံးစွဲခဲ့သည့် လျှပ်စစ်မီတာခများ တိကျစေရေးအတွက် Smart Meter များ တပ်ဆင်ပြီး HHU ကိရိယာဖြင့် အချိန်တိုအတွင်း လျင်မြန်စွာ ဖတ်ရှုမှတ်တမ်း တင်နိုင်ရေးနှင့် ဆက်လက်ပြီး AMI စနစ်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် အဆင့်ဆင့် Phase by Phase ခွဲပြီး တပ်ဆင်အသုံးပြုနိုင်ရန် မီတာဖတ်စာရေးများ လျှော့ချပြီးလူကြောင့်ဖြစ်ပေါ်သည့်အားနည်းချက်များ လျော့နည်းပပျောက်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိနေပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးနေမျိုးထက်(ကျောက်တံတားမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အိမ်တိုင်ရာရောက်ဖတ်ခြင်းများ၊ အချိန်ဇယားများဖွဲ့ပြီး အိမ်ရှင်များကို လက်မှတ်ထိုးခိုင်းခြင်းများ၊ ထို့အပြင် မကျေနပ်မှုများပြန်ရှင်းလင်းခြင်းများ ဟုဆိုပြီး ဒုတိယဝန်ကြီးတို့ ဝန်ကြီးဌာနက Policy ချမှတ်လိုက်ပါကြောင်း၊ ဥပမာ- မီတာဖတ်စာရေးများကို လမ်း၊ အိမ်နံပါတ် မည်မျှမှ မည်မျှထိဖတ်မည်ဆိုပြီး မိမိကို မြို့နယ်ရုံး လျှပ်စစ်မန်နေဂျာက စာပို့သည့်အတွက် ပြည်သူများကို တစ်ဆင့်စာပို့ပါကြောင်း၊ သို့သော် ပြည်သူများထံ အချိန်မှန်ရောက်လာခြင်းမရှိပါကြာင်း၊ အချို့ဆိုလျှင် မဖတ်ဘူးဟု ပြန်ပြောသည်များရှိကြောင်း၊ မိမိတို့မြို့နယ်ရှိ တချို့နေအိမ်များမှာ တစ်အိမ်လုံး အလုပ်လုပ်ကြရသည့် မိသားစုများရှိပါကြောင်း၊ မိသားစုတချို့မှ သူတို့ဖတ်မည့်အချိန်နှင့် သူတို့အလုပ်သွားရသည့်အချိန်နှင့် ဆိုပြီး မီတာကိစ္စနှင့် မီတာဘေလ်ကိစ္စ ပြဿနာပေါင်းစုံကို ဒုတိယဝန်ကြီးပြောသည့်အတိုင်း တစ်လကို ၁၀ ရက်လောက် ရင်ဆိုင်ရပါကြောင်း၊ ပန်းဘဲတန်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်ဆိုလျှင် AMI စနစ် တပ်ပြီးပြီ ဖြစ်ပြီး ယခုကြားသိရသလောက် ကော့မှူးမြို့နယ်တွင် ကျေးရွာ ၂၀ ကျော်ကို တပ်ပြီးပြီ ဖြစ်သည့် အတွက် ပြည်သူများက ၎င်းတို့၏လက်ကိုင်ဖုန်းနှင့် ဘေလ်ကို တိတိကျကျသိချင်ပါကြောင်း၊ မည်မျှ သုံးထားသည်ကိုသိချင်ကြပြီး မိမိတို့ ကျောက်တံတားမြို့နယ်မှာ တပ်လက်စကြီးဖြစ်နေပြီး (၃၄) လမ်းတွင် တပ်ထားပါကြောင်း၊ ထို့ကြောင့် မိမိတို့ကျောက်တံတားမြို့နယ်ကို မည်သည့်အချိန်တွင် တပ်ပေးနိုင်မည်ကို သိရှိလိုပါသဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

          မိမိတို့ဌာနအနေဖြင့် AMI စနစ်ကို အဓိကသွားလိုပါကြောင်း၊ အစစအရာရာ ပြီးပြည့်စုံသည့်စနစ် တစ်ခုဟု ပြော၍ရပါကြောင်း၊ ထိုစနစ်ကို မိမိတို့က လိုအပ်သည့်တင်ဒါခေါ်ရန်အတွက် Specification ကို နိုင်ငံတကာအဖွဲ့အစည်းနှင့် ရေးဆွဲရန်အတွက်ကို အခုသဘောတူညီမှုများ ရထား ပြီးဖြစ်ပါကြောင်း၊ မကြာခင် နိုင်ငံတကာအဖွဲ့အစည်းနှင့် Smart ကို ရေးဆွဲပြီးသွားပြီဆိုသည်နှင့် ထို AMI စနစ်များကို သက်ဆိုင်ရာ လိုအပ်သည့်မြို့နယ်များကို သတ်မှတ်ပြီး မကြာမီ တင်ဒါခေါ်ယူ သည့်စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Smart ရေးဆွဲနေသည့်အချိန်ကို မခန့်မှန်းပေးနိုင်သေးသည့်အတွက် ရက်၊ လ အတိအကျ မပြောပြနိုင်‌သော်လည်း ဌာနအနေဖြင့် ထိုစနစ်သွားရန်အတွက် ရှေးရှုနေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

https://www.pyithuhluttaw.gov.mm/question-4369

 

10-Aug-2020