The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လှိုင်သာယာမြို့နယ်ရှိလျှပ်စစ်မီးတိုင်များအမြန်ဆုံးပြောင်းရွှေ့ပေးရန်နှင့်လျှပ်စစ်မီးတိုင်များ၊ထရန် စဖော်မာများထပ်မံတည်ဆောက်ပေးခြင်း၊ရှုပ်ထွေးမီးကြိုးများရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဦးဝင်းမင်း (လှိုင်သာယာ မဲဆန္ဒနယ်)

            လှိုင်သာယာမြို့နယ်ရှိ အဓိကလမ်းမကြီးများ ဖြစ်သော ရန်ကုန်-ပုသိမ်လမ်း၊ ညောင်တုန်းလမ်း၊ ကျန်စစ်သားလမ်း၊ တပင်ရွှေထီးလမ်း၊ ပီမိုးနင်းလမ်းစသည့်လမ်းမကြီးများကို ယခုအခါ လမ်းအဆင့်မြှင့်တင်တိုးချဲ့ပြီး လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးသော်လည်း လမ်းမကြီးများပေါ်တွင် ယခင်ကစိုက်ထူထားသော လျှပ်စစ်မီးတိုင်များ တည်ရှိနေသောကြောင့် လမ်းမကြီးများကို ပြည့်ဝစွာအသုံးပြုမရခြင်း၊ မော်တော်ယာဉ် သွားလာရေးကိုခက်ခဲစေသည့်အပြင် ယာဉ်အန္တရာယ်ဖြစ်စေ ပါကြောင်း၊ ထို့ကြောင့် ယခင်စိုက်ထူထားသော လျှပ်စစ်မီးတိုင်များကို ရွှေ့ပြောင်းပေးမှသာ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ လှိုင်သာယာ မြို့နယ်၏ လျှပ်စစ်မီးသုံးစွဲမှု သည် အိမ်သုံးမီတာ ၇၀,၀၀၀ ကျော်၊ အိမ်သုံး၊ လုပ်ငန်းသုံးပါဝါမီတာ ၃,၀၀၀ ခန့်၊ စက်မှုသုံးထရန်စဖာ ၂,၀၀၀ ကျော်ရှိပြီး လှိုင်သာယာမြို့နယ် လျှပ်စစ်သုံးစွဲမှုပမာဏသည် ရန်ကုန်မြို့နယ်တစ်မြို့လုံး၏ သုံးစွဲမှု ပမာဏ၏ ငါးပုံတစ်ပုံခန့်ရှိပါကြောင်း၊ဘတ်စ်ကားမှတ်တိုင်များ ရှေ့တွင် လျှပ်စစ်မီးတိုင်များ၊ ကွေ့ကြောများတွင် လျှပ်စစ်မီးများနှင့် ရှုပ်ထွေးနေသောမီးကြိုးများ ရှိပါကြောင်း၊ ရပ်ကွက်များတွင် ၄၀၀ ဗို့ လိုင်းကြိုး များမရှိသောကြောင့် မီးတိုင်ရှိသည့်နေရာများမှ Service ကြိုးများဆွဲရသည့်အတွက် မီးတိုင်တစ်တိုင်လျှင် အိမ်ခြေ ၇၀၊ ၈၀ ခန့် ဝိုင်းဆွဲရသည့်အတွက် ရှုပ်ထွေးမီးကြိုးများကို အမြန်ဆုံး ရှင်းလင်းပေးရန် လိုအပ်ပါကြောင်း၊ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေပြီး ဓာတ်အားပြည့်ဝစွာသုံးစွဲမှုရစေရန် ယခုတပ်ဆင်ပြီးထရန်စဖော်မာအလုံး ၃၀၀ ကျော် လောင်ကျွမ်း ပျက်စီးမှုမရှိစေရေးအတွက် လိုအပ်သော ၂၀၀ KVA ထရန်စဖော်မာများအား ထပ်မံတပ်ဆင်ပေးရန်နှင့် ရှုပ်ထွေးမီးကြိုးများရှင်းလင်းခြင်း၊ လမ်းမကြီးများပေါ်ရှိမီးတိုင်များ ရွှေ့ပြောင်းစိုက်ထူပေးခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စီစဉ် ဆောင်ရွက် ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင်ဆောင်ရွက်ပေးမည်၊ ဆောင်ရွက်ပေး နိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများအဆင့်မြှင့်တင်တိုးချဲ့ရာတွင်လမ်းနယ်နိမိတ်အတွင်း ကျရောက်နေသော လျှပ်စစ်မီးတိုင်များပြောင်းရွှေ့ပေးရေးကိစ္စနှင့်ပတ်သက်၍ ဌာနတွင်းကွင်းဆင်းစစ်ဆေးခဲ့ရာ ကျန်စစ်သား လမ်းမကြီး၏လမ်းနယ်နိမိတ်အတွင်း ကျရောက်နေသော လျှပ်စစ်မီးတိုင် ၄၁ တိုင်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း ပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တပင်ရွှေထီးလမ်းနှင့်ပီမိုးနင်းလမ်းတိုးချဲ့ရာတွင် လျှပ်စစ်မီးတိုင်များပြောင်းရွှေ့ပေးရန် မလိုအပ်သည်ကို စစ်ဆေးတွေ့ရှိပါကြောင်း၊ ပုသိမ်လမ်းမကြီးပေါ်တွင်ရှိသည့် ဓာတ်တိုင် ၅၃၆ တိုင်ကို ပြောင်းရွှေ့ပေးရန်လိုအပ်ပြီး၊ အဆိုပါလုပ်ငန်းအတွက် ခန့်မှန်း ကုန်ကျစရိတ် ကျပ် ၁၈၉ သန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ လျာထားတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ညောင်တုန်းလမ်းမကြီးနှင့် အနော်ရထာလမ်းမကြီး၏ လမ်းနယ်နိမိတ်အတွင်းကျရောက်နေသော လျှပ်စစ်မီးတိုင် ၈၈ တိုင်ပြောင်းရွှေ့ခြင်းအတွက် လိုအပ်သည့်ခန့်မှန်းကုန်ကျစရိတ် ကျပ် ၇၇ သန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊လှိုင်သာယာမြို့နယ်အတွင်း ၂၀၂၀ ပြည့် နှစ် ဇွန်လအထိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အရ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအလုံး ၄၀ ထပ်မံတပ်ဆင်ပေးရန် လိုအပ်သည်ကို စိစစ်တွေ့ရှိရသည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေဖြင့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာကိုးလုံး တပ်ဆင်ပေးခဲ့ပြီး ကျန်ရှိ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၃၁ လုံးကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်မှ စတင်ကာ တိုင်းဒေသကြီးဘတ်ဂျက်မှသော်လည်းကောင်း၊ ဌာနဘတ်ဂျက်မှသော်လည်းကောင်း စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း၊ လှိုင်သာယာမြို့နယ် အတွင်း ထပ်မံလိုအပ်မည့် လျှပ်စစ်မီးတိုင် ၁၀၀ တိုင်၊ ရှုပ်ထွေးမီးကြိုးများရှင်းလင်းရန်လိုအပ်သည့် ၂၃၃ နေရာ၊ ၀.၄ ကေဗွီ ၅ မိုင်ခန့်အတွက် ABC(Insulated) ကြိုးလဲလှယ်ခြင်း၊ ကြိုးဖြည့်ဆည်းခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် System Improvement ဆောင်ရွက်ရန်လျာထားပြီးဖြစ်ပါသောကြောင့် ရန်ပုံငွေရရှိမှုအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

https://www.pyithuhluttaw.gov.mm/question-4370

14-Aug-2020