လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများအား နိုင်ငံတော် ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အား တိုးတက်ကောင်းမွန်စေရန်တို့အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးကို ဝန်အား(၂)ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးဖြင့် ဓာတ်အားပိတ်၍ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထိုသို့ ဓာတ်အားလိုင်း ကြိုးအစားထိုးလဲလှယ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက် နံနက် ၆ နာရီမှ မေလ ၂၄ ရက် ညနေ ၆ နာရီ အထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်စဉ် လိုအပ်ပါက ဝန်အားထိန်းညှိခြင်း ဆောင်ရွက်မည် ဖြစ်ရာ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ပြည်သူသို့ အသိပေးထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။