၁။ ၁၃၂ ကေဗွီ ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ခရိုင်၊ မြို့ ဧရိယာများတွင် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အရေး ပါသည့်ဓာတ်အားလိုင်းဖြစ်ပြီး၊ ၁၃၂ ကေဗွီ ကျိုင်းတောင်း-နမ့်စန်ဓာတ်အားလိုင်းအား အသေးစိတ်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျိုင်းတောင်းမြို့နယ်၊ ၁၉ မိုင် ကျေးရွာ အနီး တာဝါတိုင်အမှတ် (၁၅၇ နှင့် ၁၅၈) အကြား APhase ဓာတ်အားလိုင်းကြိုး ကြိုးလွန်းဖွာ နေခြင်း၊ တာဝါတိုင်အမှတ် (၁၁၉ နှင့် ၁၂၀) အကြား A Phase ဓာတ်အားလိုင်းကြိုး ကြိုးလွန်းပြတ်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၂။ အဆိုပါ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဓာတ်အား ပြတ်တောက်မှုလျော့နည်းပြီး ဓာတ်အားလွှတ်စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင် မည်ဖြစ်သည့်အတွက် အထက်ဖော်ပြပါလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်(တနင်္ဂနွေနေ့)၊ ၀၈:၀၀ နာရီမှ ၁၅:၀၀ နာရီ အထိ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ကျိုင်းတောင်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်မှု (၃၄) မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်၍ ကျန်ဓာတ်အားပေးစက်ရုံ များမှ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သတင်းရရှိ ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန