၆၆ ကေဗွီ မော်လမြိုင် - ချောင်းဆုံ အမှတ် (၁+၂) ဓာတ်အားလိုင်းသည် မွန်ပြည်နယ် အတွင်းရှိ ခရိုင်၊ မြို့ ဧရိယာများသို့ စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် အရေးပါသည့် ဓာတ်အားလိုင်းဖြစ်ပြီး၊ ချောင်းဆုံမြို့နယ်၊ ကညှော်ရွာအနီးရှိ ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ် (၂၈၇) တွင် ကြွေသီးတွဲ မီးပန်းထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကြွေသီး တွဲများ အသစ်လဲလှယ်ခြင်းလုပ်ငန်းနှင့် တိုင်အမှတ် (၃၂၀ မှ ၃၂၇) ကြားရှိ တိုင်များတွင် ရာဘာပင် အကိုင်းများသည် ဓာတ်အားလိုင်းနှင့်နီးကပ်စွာ ပေါက်ရောက်နေသဖြင့် မလိုလားအပ်သည့် ဓာတ်အားပြတ်တောက်မှုများ မဖြစ်ပွားစေရေးအတွက် ရာဘာပင်အကိုင်းများကို ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းပြီး ဓာတ်အားလွှတ်စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် အဆိုပါ လုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် (စနေနေ့) နံနက် ၀၈:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ၊ (၄)နာရီကြာ ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ရာ ဆောင်ရွက်နေစဉ်အတွင်း ချောင်းဆုံမြို့နှင့် ၎င်းမြို့နယ်အတွင်းရှိ ကျေးရွာများ ယာယီဓာတ်အားပြတ်တောက်နေမည် ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်မည့်အခြေအနေများအား စက်ရုံ၊ အလုပ်ရုံများနှင့် ဓာတ်အားသုံးစွဲသူ အများပြည်သူများကို ကြိုတင်အသိပေးအကြောင်းကြားထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။