The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းကြောင့် အထက်ပေါင်းလောင်းဓာတ်အားပေးစက်ရုံဝင်းဧရိယာအတွင်းပျက်စီးဆုံးရှုံးမှုများအပေါ်ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား အများပြည်သူသိရှိနိုင်စေရန် သတင်းထုတ်ပြန်ခြင်း

   အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နေပြည်တော်၊ ပြည်ထောင်စု နယ်မြေ၊ ပျဉ်းမနားမြို့၏ အရှေ့ဘက် (၂၆) မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက် ထားပါသည်။ တမံအမျိုးအစားမှာ ကွန်ကရစ်တမံ (RCC Dam) အမျိုးအစား ဖြစ်ပါသည်။ ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ တပ်ဆင်စက်အင်အား စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်ဖြင့် နှစ်စဉ်လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ (၄၅၄) သန်းကို ထုတ်လုပ်လျက်ရှိပြီး မဟာဓာတ်အားလိုင်းမှတစ်ဆင့် မြန်မာ တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။

   ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်းကြောင့်  အထက်ပေါင်းလောင်း ရေလှောင်ကန်အတွင်း ရေအဆမတန် ဝင်ရောက်ခဲ့ခြင်း၊ တမံ၏ ရေပိုလွှဲမှတဆင့် ရေပမာဏ များပြားစွာ ရေကျော်ကျပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ တောင်ကျရေနှင့်အတူ သစ်လုံး၊ သစ်တုံးကြီးများ သဲနုန်း ရွှံ့နွံများလည်း များပြားစွာ မျောပါလာခဲ့ခြင်း၊ စက်ရုံအတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ခြင်း၊ ရေလမ်းကြောင်း ပြောင်းလဲမှုကြောင့် စက်ရုံအောက်ဘက်မြစ်ကြောင်းတစ်လျောက် ဝဲ/ယာ ကမ်းပါးများ ရေတိုက်စားခံရ၍ စက်ရုံအဝင် ကွန်ကရစ်လမ်းနှင့် ဝန်ထမ်းအိမ်ရာလမ်းများ ပျက်စီးခဲ့ပါသည်။

   အဆိုပါ သဘာဝဘေးဖြစ်ပွားမှုကြောင့် မြို့ပြတည်ဆောက်မှုဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ် (၂၀) ဘီလီယံကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည်လည်း အချိန်အတိုင်းအတာတစ်ခုအထိ လျော့နည်းကျဆင်းခဲ့ပါသည်။

   စက်ရုံအတွင်း ဝင်ရောက်နေသော သဲနုန်းများကို ဖယ်ရှားရှင်းလင်းခြင်း၊ ဝဲ/ယာရှိ ကမ်းပါးများ ပြိုကျမှုကြောင့် မြစ်ကြောင်းအတွင်းကြမ်းပြင်မြင့်တက်ခဲ့သဖြင့် သဲနုန်းများ ဖယ်ရှားရှင်းလင်းခြင်း၊ တောင်ပြို၊ မြေပြို၊ မြစ်ကမ်းပါးပြိုကျမှုမှ ကာကွယ်နိုင်ရန်နှင့် စက်ရုံအဝင်လမ်းဘေးတွင် ရေတိုက်စားမှုမှ ကာကွယ်ရန်တို့အတွက် ကျောက်ဖြည့်သံခြင်းများချ၍ မြေ/ရေကာနံရံ တည်ဆောက်ခြင်း စသည့်လုပ်ငန်း များအား စက်/ယာဉ်ယန္တရားများနှင့် လူအင်အားအပြည့်ဖြင့် နေ့ရောညပါ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ ပါသည်။

   အဆိုပါ ပြန်လည်ပြုပြင်လုပ်ငန်းများကို ၂၀၂၆ခုနှစ် ၊ မတ်လတွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ အလားတူ စက်ရုံအတွင်းရှိ ပျက်စီးသွားသော လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ အစားထိုးလဲလှယ်ခြင်း၊ ပြင်ဆင်ခြင်းများကိုလည်း လျာထားချက်နှင့်အညီ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဓာတ်အားပေးစက်ရုံမှ စက်စွမ်းအားပြည့်ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် မောင်းနှင်လျက်ရှိပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ (၄၅၄) သန်းကို မဟာဓာတ်အားလိုင်းမှ တဆင့် ပြည်သူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိပါသည်။

   သို့ဖြစ်ပါ၍ အထက်ပေါင်းလောင်း ရေလှောင်တမံအတွင်း မှ သဲနုန်းများ ဖယ်ရှားရှင်းလင်းရန်၊ သဲနုန်း ထပ်မံဝင်ရောက်မှုမှ ကာကွယ်ရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်တားဆီးရေး အစီအမံများကို  ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေး တင်ပြအပ်ပါသည်။

24-Jul-2026