နေပြည်တော်၊ စက်တင်ဘာလ ၁၀
ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့ အနောက်ဘက် (၁၇) မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်တွင် တည်ဆောက်ထားရှိပြီး မြန်မာနိုင်ငံ ဓာတ်အားစနစ်အတွက် အလွန်အရေးပါသည့်စက်ရုံဖြစ်ရာ နွေရာသီကာလ ဓာတ်အားအပြည့်အဝ ထုတ်လုပ်နိုင်ရေးအတွက် နှစ်စဉ်ဓာတ်အားပေးစက်များကို မိုးရာသီကာလ နိုင်ငံပိုင်ရေအား စက်ရုံများ ရေဝင်ကောင်းမွန်သည့်ကာလတွင် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်များကို အဓိကဆောင်ရွက်လျက် ရှိရာ စက်ရုံရှိ အမှတ်(၆) ဓာတ်အားပေးစက်၏ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်း အားဖြင့် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ ချို့ယွင်းမှုနည်းပါးပြီး ကြံ့ခိုင်ကောင်းမွန်လာစေခြင်း၊ ရေရှည်အသုံးပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်ရာ လုပ်ငန်းများ ဆောင်ရွက် နေစဉ်အတွင်း ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးထားသော မူဆယ်မြို့နှင့် နမ့်ခမ်း မြို့များ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။