၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်
အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားပေးစက်ရုံအချို့နှင့် ဓာတ်အားလိုင်းအချို့ ပုံမှန်လည်ပတ်ပို့လွှတ်နိုင်မှုမရှိသည့် အခြေအနေတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ ဓာတ်အားအပြည့်အဝ ရရှိစေရေးအတွက် စွန့်လွှတ်စွန့်စားစိတ်များဖြင့် ဖျက်ဆီးခံထားရသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများပြုပြင်ခြင်း၊ ဆက်စပ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ပြောင်းလဲချိတ်ဆက်ခြင်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ထိုကဲ့သို့ အခြေအနေတွင် ၁၉-၉-၂၀၂၆ ရက်နေ့ ညနေ ၁၇:၂၆ နာရီအချိန်၌ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ် (၁) နှင့် (၂) ဓာတ်အားလိုင်းတွင် အပြစ်ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတစ်ဝှမ်း ဓာတ်အား ပြတ်တောက်မှု System Breakdown ဖြစ်ပေါ်ခဲ့ရပါသည်။
အဆိုပါ ချို့ယွင်းသွားသော ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ ဓာတ်အားလိုင်းအား တာဝန်ရှိ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးနေစဉ်အတွင်း ပြည်သူများ ဓာတ်အားပြတ်တောက်မှု ကြန့်ကြာမှုမရှိ စေရန်အတွက် အဆိုပါလိုင်း ပြင်ဆင်ပြီးစီးသည် အထိ စောင့်ဆိုင်းခြင်းမပြုဘဲ အခြားသော ဓာတ်အားပေး စက်ရုံများမှတစ်ဆင့် ဓာတ်အားစနစ် အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရေး ချက်ချင်းကြိုးပမ်း ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ညနေ ၁၇:၃၈ နာရီမှစတင်၍ ပေါင်းလောင်းဓာတ်အားပေးစက်ရုံမှ လည်းကောင်း၊ ၁၈:၀၀ နာရီတွင် ရဲရွာဓာတ်အားပေးစက်ရုံမှ လည်းကောင်း ဓာတ်အားများ အဆင့်ဆင့် စတင်ပို့လွှတ်နိုင်ခဲ့ပါသည်။ ထို့နောက် ၁၈:၂၃ နာရီတွင် အဆိုပါ ပေါင်းလောင်းနှင့် ရဲရွာ ဓာတ်အားများကို အောင်မြင်စွာ ချိတ်ဆက် (Synchronization) ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၁၈:၄၅ နာရီတွင် လှော်ကား ဓာတ်အားခွဲရုံအထိ ဓာတ်အားများ ဆက်လက်ပို့လွှတ်ပေးနိုင်ခဲ့ပါသည်။
သို့ရာတွင် ဓာတ်အားပြန်လည်ချိတ်ဆက်ပို့လွှတ်ချိန်၌ ရုတ်တရက် ဝန်အား (Load) သုံးစွဲမှု များပြားစွာ ဝင်ရောက်လာသဖြင့် ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှု မျှတမှုမရှိတော့ဘဲ ညနေ ၁၈:၅၂ နာရီ အချိန်တွင် ဓာတ်အားစနစ်အတွင်း ဓာတ်အားကြိမ်နှုန်း အတက်အကျမငြိမ်မသက်ဖြစ်မှု (Frequency Swing) ကြောင့် System Breakdown ထပ်မံ ဖြစ်ပေါ်ခဲ့ရကြောင်းနှင့် ဓာတ်အားစနစ် ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ပို့လွှတ်နိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။