The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်ဥပဒေ


လျှပ်စစ်ဥပဒေ

( ၂၀၁၄ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၄။ )

၁၃၇၆ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၅ ရက်

(  ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ၂၇ရက်  )

ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

 

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။       ဤဥပဒေကို လျှပ်စစ်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။      ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -

 

(က)    လျှပ်စစ်ဓာတ်အားဆိုသည်မှာ စွမ်းအင်အရင်းအမြစ်တစ်မျိုးမျိုးကို အသုံးပြု၍ ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားကိုဆိုသည်။

(ခ)     လျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ လျှပ်စစ်ဓာတ်အားနှင့် စပ်လျဉ်း၍စူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်း၊ ဖလှယ်ခြင်း၊ ဓာတ်အားစနစ်ကွပ်ကဲခြင်း၊ လျှပ်စစ်စမ်းသပ်စစ်ဆေး ခြင်းနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းစစ်ဆေးခြင်းများကို ဆိုသည်။

(ဂ)     လျှပ်စစ်ဆိုင်ရာလုပ်ပိုင်ခွင့် ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ခွင့် ပြုနိုင်သည့် လုပ်ပိုင်ခွင့်ကိုဆိုသည်။

(ဃ)    ခွင့်ပြုမိန့်ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရန် ပုဒ်မ (၇) အရ ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူအဖြစ် သတ်မှတ်ခြင်းခံရသူက ထုတ်ပေးသော ခွင့်ပြုမိန့်ကို ဆိုသည်။

(င)      လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ဆိုသည်မှာ နည်းပညာတစ်ခုခုအသုံးပြု‌၍ စွမ်းအင်အရင်းအမြစ် တစ်မျိုးမျိုးမှ စီးပွားဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဆိုသည်။

(စ)     ဓာတ်အားပို့လွှတ်ရေးစနစ်ဆိုသည်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ပင်ရင်းမှ ပင်မ ဓာတ်အားခွဲရုံသို့လည်းကောင်း၊ ပင်မဓာတ်အားခွဲရုံအချင်းချင်းသို့လည်းကောင်း ဓာတ်အား လိုင်းကြိုးများ၊ ဓာတ်အားလိုင်းတိုင်များ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ် ပစ္စည်းများကိုအသုံးပြု၍ ဓာတ်အားပို့လွှတ်သည့်စနစ်ကိုဆိုသည်။

(ဆ)    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းဆိုသည်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံသို့ သတ်မှတ်ထားသော ဗို့အား၊လျှပ်စီးနှင့် ကြိမ်နှုန်းတို့ဖြင့်စနစ်တကျ ဓာတ်အား ဖြန့်ဖြူးခြင်းကို ဆိုသည်။

(ဇ)     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ဆိုသည်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံနှင့် ဓာတ်အားခွဲရုံတို့မှ ဓာတ်အားလိုင်းကြိုးများ၊ ဓာတ်အားလိုင်းတိုင်များ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများကိုအသုံးပြု၍ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးသည့် စနစ်ကိုဆိုသည်။

(ဈ)     လျှပ်စစ်ဓာတ်အားရောင်းဝယ်ခြင်းဆိုသည်မှာ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဖလှယ်ခြင်းကိစ္စရပ် များကို လျှပ်စစ်ဆိုင်ရာလုပ်ငန်းလုပ်ကိုင်သူနှင့် ဆက်သွယ်၍ စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်းကို ဆိုသည်။

(ည)    လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းဆိုသည်မှာ သတ်မှတ်ထားသည့်ဗို့အား၊ လျှပ်စီးနှင့် ကြိမ်နှုန်းရှိသော လျှပ်စစ်ဓာတ်အားကို သတ်မှတ်ချက်များနှင့်အညီ ရယူအသုံးပြုခြင်းကို ဆိုသည်။

(ဋ)      လျှပ်စစ်ဓာတ်အားစနစ်ဆိုသည်မှာ မဟာဓာတ်အားလိုင်းစနစ်နှင့် ဒေသဆိုင်ရာ လျှပ်စစ် ဓာတ်အားစနစ်တို့ကို ဆိုသည်။

(ဌ)     မဟာဓာတ်အားလိုင်းစနစ်ဆိုသည်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ၊ ပင်မ ဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံများနှင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကို ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း ပြုလုပ်နေသော တစ်နိုင်ငံလုံးနှင့်ဆိုင်သောစနစ်ကို ဆိုသည်။

(ဍ)     ဒေသဆိုင်ရာလျှပ်စစ်ဓာတ်အားစနစ်ဆိုသည်မှာ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်မှု မရှိဘဲ နယ်နိမိတ်တစ်ခုအတွင်း၌ သီးခြားစနစ်တစ်ခုအဖြစ် ဓာတ်အားပေးနေသော လျှပ်စစ်ဓာတ်အားစနစ်ကိုဆိုသည်။

(ဎ)     လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေဆိုသည်မှာ လျှပ်စစ်ဓာတ်အားလိုင်းတစ်လျှောက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် ဝန်ကြီးဌာနကသတ်မှတ်ထားသော အကွာအဝေး အတွင်းရှိ နယ်မြေကိုဆိုသည်။

(ဏ)   ဓာတ်အားစနစ်ကွပ်ကဲခြင်းဆိုသည်မှာ မဟာဓာတ်အားလိုင်းစနစ်အတွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို နည်းပညာ စံချိန်စံညွှန်း နှင့်အညီ စီမံကွပ်ကဲခြင်းကို ဆိုသည်။

(တ)    လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းဆိုသည်မှာ လျှပ်စစ်စူးစမ်းရှာဖွေခြင်း၊ လျှပ်စစ် ဓာတ်အားစနစ် ကွပ်ကဲခြင်း၊ လျှပ်စစ်ဓာတ်အားရောင်းဝယ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား ဖလှယ်ခြင်းလုပ်ငန်းတို့မှအပ အခြားလျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ စစ်ဆေးခြင်းကိုဆိုသည်။

(ထ)    လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာစစ်ဆေးခြင်းဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသောလျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဓာတ်အားလိုင်းများ၊ လျှပ်စစ် တိုင်းတာရေး ကိရိယာများ၏ကြံ့ခိုင်မှုနှင့် စံချိန်စံညွှန်းစစ်ဆေးခြင်းကိုဆိုသည်။

(ဒ)     ဝန်ကြီးဌာနဆိုသည်မှာ ဤဥပဒေပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သော သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနကို ဆိုသည်။

(ဓ)     ဝန်ကြီးဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သော သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးကိုဆိုသည်။

(န)      လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဆိုသည်မှာ သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အား ပေးရေးနယ်နိမိတ်တွင် လျှပ်စစ်ဓာတ်အားလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်ရန် ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဖွဲ့စည်း ထားသော အဖွဲ့ကိုဆိုသည်။

(ပ)    လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တစ်ခုခုနှင့်သော်လည်းကောင်း၊ ဝန်ကြီး ဌာနလက်အောက်ရှိ လုပ်ငန်းတစ်ခုခု သို့မဟုတ် လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုခု နှင့်သော်လည်းကောင်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်တို့ အစုစပ်လုပ်ငန်း အဖြစ် ဖွဲ့စည်းတည်ထောင်ထားသော လုပ်ငန်းကို ဆိုသည်။

(ဖ)     ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်သူဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ကိုင် ခွင့်ကို တည်ဆဲဥပဒေများနှင့်အညီ ရယူပြီးလျှပ်စစ်ဓာတ်အားထုတ်လုပ်သူနှင့် ထုတ်လုပ် ရောင်းချသူကို ဆိုသည်။

(ဗ)     လျှပ်စစ်ဓာတ်အားသုံးစွဲသူဆိုသည်မှာ တည်ဆဲဥပဒေများနှင့်အညီ လျှပ်စစ်ဓာတ်အား ရယူ သုံးစွဲသူကိုဆိုသည်။

(ဘ)    အသေးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ ၁၀မဂ္ဂါဝပ်အထိထုတ်လုပ်ပေးနိုင်သော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုဆိုသည်။

(မ)     အလတ်စားလျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ ၁၀မဂ္ဂါဝပ်အထက်မှ ၃၀မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်သော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုဆိုသည်။

(ယ)    အကြီးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ ၃၀ မဂ္ဂါဝပ်အထက် ထုတ်လုပ်ပေး နိုင်သော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုဆိုသည်။

(ရ)     လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်း များကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး စစ်ဆေးရေးမှူးချုပ်က ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။

(လ)    လျှပ်စစ်ပစ္စည်းအရည်အသွေးစစ်ဆေးချက်လက်မှတ်ဆိုသည်မှာ လျှပ်စစ်ပစ္စည်းများကို သတ်မှတ်ထားသောဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီစစ်ဆေး၍ သတ်မှတ် အရည်အသွေးနှင့် ကိုက်ညီကြောင်းတွေ့ရှိရသဖြင့် စစ်ဆေးရေးမှူးချုပ်က ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။

(ဝ)     လျှပ်စစ်ပစ္စည်းထုတ်လုပ်သူဆိုသည်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်များ၊ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် စက်ပစ္စည်းများနှင့် လုပ်ငန်းသုံးကိရိယာများကို သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်သူကိုဆိုသည်။

(သ)    ကော်မရှင်ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကြီးကြပ်မှု ကော်မရှင်ကိုဆိုသည်။

(ဟ)    စစ်ဆေးရေးမှူးချုပ်ဆိုသည်မှာ ဤဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနက ခန့်အပ်သော ပုဂ္ဂိုလ်ကိုဆိုသည်။

(ဠ)     လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ဆိုသည်မှာ သတ်မှတ်ထားသော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန်စစ်ဆေးရေးမှူးချုပ်က ထုတ်ပေးသောလျှပ်စစ်နှင့် စပ်လျဉ်း၍ ကျွမ်းကျင် ကြောင်းလက်မှတ်ကို ဆိုသည်။

 

 

အခန်း(၂)

ရည်ရွယ်ချက်များ

၃။     ဤဥပဒေ၏ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည် -

 

(က)    နိုင်ငံတော်အစိုးရ၏မူဝါဒများနှင့်အညီ လျှပ်စစ်ဆိုင်ရာကိစ္စရပ်များကို စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် လျှပ်စစ်ဓာတ်အားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စေရန်နှင့် လျှပ်စစ်ဆိုင်ရာလုပ်ငန်း များကို ကြီးကြပ်ကွပ်ကဲရန်။

(ခ)     ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းများအပြင် တိုင်းဒေသကြီးများနှင့်ပြည်နယ်များတွင် အလတ်စားနှင့်အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများကို ပိုမိုအားပေးရန်။

             (ဂ)     လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာနှင့် ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်စေရန်။

(ဃ)    လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် စေရန်။

(င)     လျှပ်စစ်ဆိုင်ရာလုပ်ငန်းများတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပါဝင်လာ စေရန်။

(စ)     ခေတ်နှင့်လျော်ညီသော လျှပ်စစ်ဓာတ်အားခနှုန်းထားများ သတ်မှတ်နိုင်ရေးအတွက် မျှတသော၊ ပွင့်လင်းမြင်သာသော၊ ကျိုးကြောင်းဆီလျော်သော နည်းဥပဒေများ၊ စည်းမျဉ်းများ ရေးဆွဲပြဋ္ဌာန်း ပေးနိုင်ရန်။

(ဆ)    လျှပ်စစ်ဓာတ်အားသုံးစွဲသူများသည် စံချိန်စံညွှန်းနှင့်ကိုက်ညီသော ဗို့အားနှင့် ကြိမ်နှုန်း ရှိသည့် လျှပ်စစ်ဓာတ်အားကို အသုံးပြုခွင့်ရရှိစေရန်နှင့် စံချိန်စံညွှန်း မကိုက်ညီသော လျှပ်စစ်ဓာတ်အားကြောင့် သုံးစွဲသူများ၏ လျှပ်စစ်ပစ္စည်းများ ပျက်စီးဆုံးရှုံးရခြင်းမှ အကာအကွယ်ပေးနိုင်ရန်။

(ဇ)     မြန်မာနိုင်ငံကအတည်ပြု လက်မှတ်ရေးထိုးထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာစာချုပ်များနှင့်အညီ လေးစားလိုက်နာဆောင်ရွက်မှုရှိစေရန်။

 

 

 

အခန်း(၃)

ကော်မရှင်ဖွဲ့စည်းခြင်းနှင့်ကော်မရှင်၏လုပ်ငန်းတာဝန်များ

 

၄။     ပြည်ထောင်စုအစိုးရအဖွဲ့သည် -

                     (က)    လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သည့် သင့်လျော်သော ပုဂ္ဂိုလ်တစ်ဦးအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေလျက် သက်ဆိုင်ရာပညာရှင်များ ပါဝင်                                   သော ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူ၍ ဖွဲ့စည်းရမည်။

        (ခ)     ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပေးရမည်။

        (ဂ)    ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသောကော်မရှင်တွင် ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်ငါးဦး သို့မဟုတ် ခုနစ်ဦးဖြင့်ဖွဲ့စည်းရမည်။

        (ဃ)    ကော်မရှင်၏ သက်တမ်းနှင့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပေးရမည်။

 

၅။     ကော်မရှင်၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအား လိုအပ်သော အကြံဉာဏ် ပေးခြင်း။

             (ခ)     အမျိုးသားလျှပ်စစ်စွမ်းအားမူဝါဒပြုစုရေးဆွဲရာတွင်လိုအပ်သောအကြံဉာဏ်ပေးခြင်း။

(ဂ)     ခေတ်နှင့်လျော်ညီသော လျှပ်စစ်ဓာတ်အားခနှုန်းထားများ သတ်မှတ်နိုင်ရန်အတွက် လိုအပ်သော အကြံဉာဏ်ပေးခြင်း။

(ဃ)    တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးသီးတွင် လိုအပ်ပါက လျှပ်စစ်ဆိုင်ရာလုပ်ငန်းကြီးကြပ်မှု ကော်မရှင်ခွဲများ ဖွဲ့စည်းပေးခြင်းနှင့် ယင်းကော်မရှင်ခွဲများ၏လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း။

(င)     လျှပ်စစ်ကဏ္ဍတစ်ခုလုံး၏ အခြေအနေများကို နိုင်ငံတကာလျှပ်စစ်စံချိန်စံညွှန်းများနှင့် နှိုင်းယှဉ်လေ့လာပြီး စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ ပြန်လည်ဆန်းစစ် ခြင်းနှင့် တွေ့ရှိချက်များအရ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်း များ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအား လိုအပ်သလိုဆောင်ရွက်နိုင်ရန် အကြံဉာဏ် ပေးခြင်း။

(စ)     ပုဂ္ဂလိကကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရန် သင့်လျော်သော အခြေအနေများ ဖန်တီးပေးရန်နှင့် လျှပ်စစ်ဓာတ်အားကဏ္ဍ၏ နည်းဥပဒေများကို လိုက်နာစေရန် ဆောင်ရွက်ခြင်း။

(ဆ)     နိုင်ငံပိုင်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းအဖွဲ့များ၊ အခြားဆက်စပ်ဝန်ကြီးဌာန များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

(ဇ)     လျှပ်စစ်ဓာတ်အား ကဏ္ဍတိုးတက်စေရန် လိုအပ်သောနည်းပညာများနှင့် အတတ်ပညာ များရရှိစေရေးအတွက် ပြည်တွင်းပြည်ပမှကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းရယူခြင်း။

(ဈ)     လျှပ်စစ်ဓာတ်အားစနစ်၏နည်းပညာဆိုင်ရာ စည်းမျဉ်းများနှင့် စံချိန်စံညွှန်းများ ပြုစု ရေးဆွဲရာတွင် ကြပ်မတ်ဆောင်ရွက်ခြင်း။

(ည)    လျှပ်စစ်ဓာတ်အားစနစ်နှင့် သင့်လျော်သောလျှပ်စစ်ဓာတ်အား ကွန်ရက်ဆိုင်ရာ လုပ်ထုံး လုပ်နည်း(Grid Code) အားပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ လုပ်ငန်း အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

(ဋ)     လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများဆောင်ရွက်နေသော ဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် အဖွဲ့အစည်းများက ၎င်းတို့၏လုပ်ငန်းများတွင် အသုံးပြုနိုင်သည့်ဝန်ဆောင်မှု စံချိန်စံညွှန်းများကို လိုက်နာစေရန် ကြပ်မတ်ဆောင်ရွက်ခြင်း။

(ဌ)     လျှပ်စစ်ဓာတ်အားကဏ္ဍအပေါ် စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြန်လည် ဆန်းစစ်ခြင်းတို့ကိုရည်ရွယ်၍ နိုင်ငံတကာလျှပ်စစ်လုပ်ငန်းစံချိန်စံညွှန်းများ၊ ဝန်ဆောင်မှု များ၊ ဆောင်ရွက်မှုမှတ်တမ်းများနှင့်နှိုင်းယှဉ်ပြီး လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် နေသောအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ၏ဆောင်ရွက်ချက်များ၊ လျှပ်စစ်ဓာတ်အားစနစ်နှင့် လျှပ်စစ် ဓာတ်အားကဏ္ဍတစ်ခုလုံး၏ ဆောင်ရွက်ချက်များကို ခွဲခြမ်းစိတ်ဖြာ၍ပြည်ထောင်စု အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း။

(ဍ)     အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂလိကရင်းနှီး မြှုပ်နှံသူများ၏ ဆောင်ရွက်ချက်များမှ ရရှိလာသည့်သတင်းအချက်အလက်များ အနက်မှ ပြည်သူလူထု သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို ပွင့်လင်း မြင်သာမှု ရှိစေရေးအတွက် ပြည်သူလူထုသို့ အသိပေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ဎ)     လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ အသုံးပြုခြင်းတို့တွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီခြင်းရှိမရှိ စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ပြည်ထောင်စုအစိုးရအဖွဲ့သို့ အကြံပြု တင်ပြခြင်း။

(ဏ)   ကော်မရှင်၏လုပ်ငန်းအစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ အနည်းဆုံးခြောက်လ တစ်ကြိမ်တင်ပြခြင်း။

(တ)    ပြည်ထောင်စုအစိုးရအဖွဲ့ကပေးအပ်သော လျှပ်စစ်ဆိုင်ရာ အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

(ထ)    ကော်မရှင်သည် လုပ်ငန်းများဆောင်ရွက်ရာတွင်  ဘက်လိုက်မှုမရှိဘဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်း။

၆။      နိုင်ငံဝန်ထမ်းမဟုတ်သော ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့်ရှိသည်။

 

အခန်း(၄)

ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူများနှင့် ယင်းတို့၏ တာဝန်များ

 

၇။ အောက်ဖော်ပြပါ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအား ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူများအဖြစ် သတ်မှတ်သည် -

          (က)    ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာန။

           (ခ)     သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ။

           (ဂ)     သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့များ။

 

 

 

၈။     ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်-

(က)    ပြည်ထောင်စုကစီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းနှင့် ဖလှယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

(ခ)     ပုဒ်မခွဲ(က)ပါလျှပ်စစ်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသူများအား ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ကြီးကြပ်စစ်ဆေး ခြင်းနှင့် ခွင့်ပြုမိန့်ရုပ်သိမ်းခြင်းတို့ကို တည်ဆဲဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်သည်။

(ဂ)     ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားနှင့် စပ်လျဉ်း၍စူးစမ်း ရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ် ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို ဖွဲ့စည်းနိုင်သည်။

             (ဃ)    ပုဒ်မခွဲ (ဂ) အရလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကိုဖွဲ့စည်းရာတွင်-

(၁)     သက်ဆိုင်ရာလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ နိုင်ငံတော်က မတည်ထုတ်ပေး ထားသော ရင်းနှီးငွေများကိုလည်းကောင်း၊ ဌာနကပိုင်ဆိုင်သော ငွေကြေးနှင့် ရွေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကိုလည်းကောင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဆက်ခံစေရမည်။

(၂)     ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ယင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းက သီးခြားလွတ်လပ်စွာစီမံခွင့်ရှိစေရန်ဆောင်ရွက်ပေးရမည်။

              (င)     ပုဒ်မခွဲ(ဂ)အရ ဖွဲ့စည်းသော လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ သို့မဟုတ် လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန် အများနှင့် သက်ဆိုင်သော ကော်ပိုရေးရှင်းအဖြစ် သင့်လျော်သည့် အချိန်တွင်                                  တည်ထောင်ဆောင်ရွက်ခွင့် ပြုနိုင်သည်။

၉။                (က)    သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် မိမိဒေသအတွင်း ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေး မှအပ မဟာဓာတ်အား လိုင်းနှင့် ဆက်သွယ်ခြင်း မရှိသော                                   တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းတို့ကို ခွင့်ပြုမိန့်ထုတ်ပေးခြင်း ၊ ကြီးကြပ် စစ်ဆေးခြင်းနှင့် ခွင့်ပြုမိန့်ရုပ်သိမ်းခြင်းတို့ကို                                     တည်ဆဲဥပဒေများနှင့် အညီဆောင်ရွက် ရမည်။

                     ( ခ )   သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့သည် မိမိဒေသအတွင်းရှိမြို့နှင့် ကျေးရွာများအတွက် လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ပိုင်ခွင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့်

                             ခွင့်ပြုမိန့် ရုပ်သိမ်းခြင်းကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

                      ( ဂ )   သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့သည် ပုဒ်မခွဲ (က) သို့မဟုတ် (ခ) တို့အရဆောင်ရွက်ရာတွင် ပြည်ထောင်စု                                     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာလုပ်ငန်းများနှင့် ဆက်စပ်ပါက ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

၁၀။    ဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များသည် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင်-

          (က)    အသုံးပြုရန်လိုအပ်သော မြေပမာဏကို တည်ဆဲဥပဒေများနှင့်အညီ ရယူအသုံးပြုခွင့် ရှိသည်။

          ( ခ )   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဝန်းကျင် သက်ရောက်မှုတို့ကို ဆန်းစစ်ခြင်း၊ ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဆောင်ရွက်ခြင်း၊ ထိခိုက်မှုများအတွက် ပြန်လည်ပေးလျော်ခြင်းနှင့် ပတ်ဝန်းကျင်                      ထိန်းသိမ်းရေးရန်ပုံငွေ ထည့်ဝင်ခြင်းတို့ကို ဆောင်ရွက်ရမည်။ ယင်းအချက်များကို ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင် ခွင့် ရရှိသူများလည်း လိုက်နာစေရန် ဆောင်ရွက်ရမည်။

          ( ဂ )   လျှပ်စစ်ဓာတ်အားစနစ်အတွင်း တည်ဆောက်အသုံးပြုနေသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ပို့လွှတ်ရေးလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားပေးစက်ရုံများနှင့် ဆက်စပ်အဆောက် အအုံများကိုတည်ဆဲဥပဒေများနှင့်အညီ                          တိုးချဲ့ခြင်း၊ ပြုပြင်ခြင်းနှင့် ပြောင်းရွှေ့ တည်ဆောက်ခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။

 

 

အခန်း(၅)

လျှပ်စစ်ဆိုင်ရာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်

 

၁၁။    လျှပ်စစ်ဆိုင်ရာလုပ်ငန်း တစ်ခုခုကို ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံလုပ်ကိုင် ဆောင်ရွက်လိုသူ သည် ခွင့်ပြုမိန့်ရရှိရန် ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူထံ သတ်မှတ်ချက်များနှင့် အညီလျှောက်ထားရမည်။

၁၂။    ပြည်ထောင်စုကစီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်းများဖြစ်ပါက ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူ ဝန်ကြီးဌာနသည် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင် ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းကို မဆိုပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။

၁၃။    ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာ ဓာတ်အားလိုင်းနှင့်ဆက်သွယ်ခြင်း မရှိသောတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိ သည့် အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း ဖြစ်ပါက  ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင် ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို တည်ဆဲဥပဒေများနှင့် အညီခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။

၁၄။    ခွင့်ပြုမိန့်ရရှိသူသည် မဟာဓာတ်အားလိုင်းစနစ်သို့ လျှပ်စစ်ဓာတ်အားရောင်းချလိုပါက ဝန်ကြီး ဌာနသို့ လျှောက်ထားရမည်။ ဝန်ကြီးဌာနသည် ယင်းလျှောက်ထားချက်ကို စိစစ်ပြီးခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၁၅။     သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိဒေသအတွင်းရှိမြို့နှင့် ကျေးရွာများအတွက် လျှပ်စစ်ဆိုင်ရာလုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။

 ၁၆။   ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူသည်  -

    (က) ပုဒ်မ၁၁အရလျှောက်ထားချက်များကို လက်ခံရရှိသည့်အခါ သတ်မှတ်ချက်များနှင့် အညီစိစစ်ပြီးခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

      ( ခ )   ခွင့်ပြုမိန့်ထုတ်ပေးရန် စိစစ်ရာတွင်ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး လျှပ်စစ်ဆိုင်ရာလုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုနှင့် ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်မှု တို့ကို အခြေခံစိစစ်ရမည်။ လုပ်ငန်းဆောင်ရွက်ရန် ငြင်းပယ်                 ပါက ငြင်းပယ်ကြောင်း လျှောက်ထားသူအား ပြန်ကြားရမည်။

၁၇။    ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူက ခွင့်ပြုမိန့်ထုတ်ပေးရာတွင် လုပ်ကိုင်ခွင့် သက်တမ်းသတ်မှတ်ခြင်း နှင့် သက်တမ်းတိုးမြှင့်ခြင်းတို့ကို တည်ဆဲဥပဒေများနှင့်အညီသတ်မှတ်ရမည်။

၁၈။     ခွင့်ပြုမိန့်ရရှိသူသည် စစ်ဆေးရေးမှူးချုပ်ထံမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် ရရှိမှသာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက် ခွင့်ရှိသည်။

၁၉။                            (က)    ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ပါလုပ်ငန်းကို အခြားအဖွဲ့အစည်းများနှင့် ပူးတွဲဆောင် ရွက်ခြင်း၊ အခြားအဖွဲ့အစည်းများသို့ လုပ်ငန်းလွှဲပြောင်းခြင်း၊ခွင့်ပြုမိန့်ပါ လုပ်ငန်းတစ်ခု လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေရောင်းချခြင်း၊                                                 ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ပြုလုပ်လိုပါက ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူထံ သတ်မှတ်ချက်များနှင့် အညီလျှောက်ထားရမည်။

        ( ခ )   ပုဒ်မခွဲ (က)အရလျှောက်ထားချက်ရရှိသည့်အခါ ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူသည် စိစစ်ပြီး ခွင့်ပြုခြင်းသို့မဟုတ်ငြင်းပယ်ခြင်းပြုနိုင်သည်။

၂၀။     ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ပါ လျှပ်စစ်ဆိုင်ရာလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနက ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊  ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။

၂၁။                             (က)    ခွင့်ပြုမိန့်ရရှိသူသည် ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း ကြောင့်သော်လည်းကောင်း၊ သတ်မှတ်ထားသည့် အရည်အသွေးနှင့်                                                  စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ခြင်းကြောင့် သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေပါက ဥပဒေအရ တာဝန်ရှိ                                                 စေရမည်။

          (ခ)      သက်ဆိုင်ရာဝန်ကြီးဌာနသည် ပုဒ်မခွဲ(က)ပါ ကိစ္စရပ်များအတွက် အရေးယူရန် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို တိကျစွာ သတ်မှတ်ပြဋ္ဌာန်းရမည်။

၂၂။     (က)    ခွင့်ပြုမိန့်ရရှိသူသည် မိမိ၏ပေါ့ဆစွာဆောင်ရွက်မှုကြောင့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေပါက ဥပဒေအရ တာဝန်ရှိစေရမည်။

          (ခ)      သက်ဆိုင်ရာဝန်ကြီးဌာနသည် ပုဒ်မခွဲ(က)ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများတွင် တိကျစွာ ဖော်ပြသတ်မှတ်ရမည်။

၂၃။     (က)    ခွင့်ပြုမိန့်ရရှိသူများ ဆောင်ရွက်နေသော လျှပ်စစ်ဆိုင်ရာလုပ်ငန်း တစ်ရပ်ရပ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပါအဝင် မလွန်ဆန်နိုင်သော ဖြစ်ရပ်တစ်ခုခုကြောင့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့                       အစည်းတစ်ခုခုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားစေပါက ဥပဒေအရ တာဝန်မရှိစေရ။

           (ခ)       သက်ဆိုင်ရာဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် သက်ဆိုင်သည့် မလွန်ဆန်နိုင်သောဖြစ်ရပ်များကို နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများတွင် တိကျစွာ ဖော်ပြသတ်မှတ်ရမည်။

၂၄။    လျှပ်စစ်ဓာတ်အားသုံးစွဲသူ တစ်ဦးဦး၏ ပေါ့ဆမှုကြောင့် အခြားသောလျှပ်စစ်ဓာတ်အား သုံးစွဲသူကိုဖြစ်စေ၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ရပ်ရပ်ကိုဖြစ်စေ နစ်နာပျက်ဆီးဆုံးရှုံးစေပါက ထိခိုက်ဆုံးရှုံးသည့် တန်ဖိုးအတွက် ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း တွက်ချက် ထားသည့် နစ်နာကြေးကို ပေးလျော်ရမည်။

၂၅။    ခွင့်ပြုမိန့်ရရှိသူသည် လုပ်ကိုင်ခွင့်ကာလကုန်ဆုံးချိန်တွင် ပြန်လည်လွှဲပြောင်းပေးရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မူလအခြေအနေအတိုင်းသော်လည်းကောင်း၊ ခွင့်ပြုမိန့်ရရှိစဉ်က စည်းကမ်း ချက်များအရသော်လည်းကောင်း သဘောတူညီထားသည့်အတိုင်း သက်ဆိုင်ရာသို့ လွှဲပြောင်းပေး ရမည်။

၂၆။     ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည် -

                                    (က)    လျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

                                     (ခ)     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများတွင်-

              (၁)  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၌ လျှပ်စစ်ဆိုင်ရာ လုပ်ကိုင်ခွင့်အမိန့်အရ သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားကိုသာ ထုတ်လုပ်ရမည်။     

               (၂)      လျှပ်စစ်ဓာတ်အား တိုင်းတာရေးပစ္စည်းကိရိယာများ၊ အကာအကွယ်ပြုပစ္စည်း ကိရိယာများကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ တပ်ဆင်ထိန်းသိမ်း အသုံးပြုရမည်။

၂၇။     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ လျှပ်စစ်အန္တရာယ် မတော်တဆဖြစ်ပေါ်ခဲ့လျှင် ခွင့်ပြုမိန့်ရရှိသူနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့်ရရှိသူ တို့သည် စစ်ဆေးရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာန တာဝန်ခံထံ အမြန်ဆုံးအကြောင်းကြားရမည်။

အခန်း(၆)

အရည်အသွေးနှင့်စံချိန်စံညွှန်းဆိုင်ရာသတ်မှတ်ချက်များ

၂၈။    လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လုပ်ငန်း များဆောင်ရွက်ရန် ခွင့်ပြုမိန့်ရရှိသူများသည် ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများတွင်ပါရှိသည့် လျှပ်စစ်ဆိုင်ရာပစ္စည်း ကိရိယာများ ၏အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်တို့ကို လိုက်နာရမည်။

၂၉။       ဝန်ကြီးဌာနသည် စက်ရုံအလုပ်ရုံများ၊ ယင်းတို့တွင်တပ်ဆင်ထားသော စက်ပစ္စည်းကိရိယာ များ၊ စီးပွားရေးဆိုင်ရာအဆောက်အအုံများ ၊ပြည်တွင်းပြည်ပမှထုတ်လုပ်တင်သွင်းရောင်းချသော လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့်စပ်လျဉ်းသည့် အရည်အသွေးနှင့်စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေး ခြင်းတို့ကို ဆောင်ရွက်ရမည်။

 

အခန်း(၇)

လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများစစ်ဆေးခြင်း

၃၀။    လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာစစ်ဆေးခြင်းလုပ်ငန်း များကို ဝန်ကြီးဌာနကဆောင်ရွက်ရမည်။

၃၁။     ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာ စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အလို့ငှာ စစ်ဆေးရေးမှူးချုပ်တစ်ဦးကို ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးရမည်။ စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ် ဆိုင်ရာလုပ်ငန်းတစ်ခုခုကို စီးပွားရေးအလို့ငှာ တစ်နည်းနည်းဖြင့် လုပ်ကိုင်ဆောင်ရွက်နေသူမဖြစ်စေရ။

၃၂။     စစ်ဆေးရေးမှူးချုပ်၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်သည်-

          (က)     လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ခြင်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာ များ၏အရည်အသွေးစစ်ဆေးခြင်း။

          (ခ)    ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသော စာချုပ်များတွင် ပါရှိသည့် စည်းကမ်းများကို ခွင့်ပြုမိန့်ရရှိသူအားအသိပညာပေးခြင်းနှင့် လိုက်နာစေရန်                           ဆောင်ရွက်ခြင်း။

          (ဂ)      မည်သည့်ဒေသတွင်မဆို လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာစစ်ဆေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ရန်လျှပ်စစ်ဆိုင်ရာ လုပ်ငန်း တစ်ခုခုကို စီးပွားရေးအလို့ငှာ တစ်နည်းနည်းဖြင့် လုပ်ကိုင်                               ဆောင်ရွက်နေသူ မဟုတ် သည့် စစ်ဆေးရေးမှူးများအား တာဝန်ပေးအပ်ခြင်း။

          (ဃ)     လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်၊ လျှပ်စစ်ပစ္စည်းအရည်အသွေး စစ်ဆေးချက် လက်မှတ်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်များကို သတ်မှတ်ချက်များ နှင့်အညီစစ်ဆေး၍ ထုတ်ပေးခြင်းသို့မဟုတ်ရုပ်သိမ်းခြင်း။

          (င)      လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို သတ်မှတ်ချက်များနှင့် အညီထုတ်ပေးခြင်း။

          (စ)      လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် လိုအပ်သော သက်သေ များကို စစ်ဆေးခြင်း။

          (ဆ)     ဝန်ကြီးဌာနနှင့်ကော်မရှင်တို့က ပေးအပ်သော စစ်ဆေးခြင်းဆိုင်ရာ  အခြားတာဝန်များ ဆောင်ရွက်ခြင်း။

၃၃။     စစ်ဆေးရေးမှူးချုပ်၊ စစ်ဆေးရေးမှူးများနှင့် ယင်းတို့က တာဝန်ပေးအပ်သူများသည် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် မည်သည့်နေရာ၊ မည်သည့်အဆောက်အအုံအတွင်းသို့ မဆိုသတ်မှတ်ချက်များနှင့် အညီ ဝင်ရောက်စစ်ဆေးခွင့်ရှိသည်။

၃၄။    ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာစစ်ဆေးခြင်း လုပ်ငန်းတို့နှင့်စပ်လျဉ်း၍ အရည်အသွေးအတည်ပြုနိုင်ရန် လိုအပ်သော နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများကို တည်ထောင်ဖွင့်လှစ်ထားရှိရမည်။

 

အခန်း (၈)

လျှပ်စစ်ဓာတ်အားစနစ်ဖွံ့ဖြိုးမှုစီမံရေးနှင့်ထိန်းညှိကွပ်ကဲရေး

၃၅။     ဝန်ကြီးဌာနသည် -

          (က)     နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို စီမံခြင်းနှင့် ဓာတ်အားစနစ် ကွပ်ကဲ ခြင်းလုပ်ငန်းကို လျှပ်စစ်ဓာတ်အားကွန်ယက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် သင့်လျော်သည့် နေရာများ                          တွင် လျှပ်စစ်ဓာတ်အား ကွပ်ကဲရေးဌာနများကို လိုအပ်သလို ဖွဲ့စည်းရမည်။

          (ခ)      ပုဒ်မခွဲ(က)အရဖွဲ့စည်းသော လျှပ်စစ်ဓာတ်အားကွပ်ကဲ ရေးဌာန၏ လုပ်ငန်းတာဝန် များကို သတ်မှတ်ပေးရမည်။

၃၆။     ဝန်ကြီးဌာနသည်-

          (က)     လျှပ်စစ်ဆိုင်ရာလုပ်ငန်းများခေတ်နှင့် အညီဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခေတ်မီနည်း စနစ်များ၊ ပညာရှင်များ၊ ကျွမ်းကျင်သူများ ပေါ်ထွက်လာစေရန် လိုအပ်သော သင်တန်း ကျောင်းများဖွင့်လှစ်ခြင်းနှင့် လေ့ကျင့်ပညာပေးခြင်းတို့                        ကို ဆောင်ရွက်နိုင်သည်။

           (ခ)      ပုဒ်မခွဲ(က)ပါလုပ်ငန်းများကို အခြားမည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆိုဆောင်ရွက်ရန် ခွင့်ပြုနိုင်သည်။       

           (ဂ)      လျှပ်စစ်ဓာတ်အားစနစ်ဖွံ့ဖြိုးမှုစီမံရေးဆောင်ရွက်ရာတွင် ကျေးလက်ဒေသ မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်သည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ရမည်။

  

အခန်း (၉)

လျှပ်စစ်ဆိုင်ရာစံချိန်စံညွှန်းများနှင့်စစ်ဆေးမှုနည်းစနစ်များ

၃၇။    ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်သော စံချိန်စံညွှန်းများ၊ စစ်ဆေးမှုနည်းစနစ်များကိုထုတ်ပြန်ရမည်။

၃၈။    လျှပ်စစ်ဆိုင်ရာစံချိန်စံညွှန်းများ စစ်ဆေးချက်ရလဒ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ ဆုံးဖြတ် ချက်သည် အပြီးအပြတ်အတည်ဖြစ်စေရမည်။

၃၉။    လျှပ်စစ်ဓာတ်အားစနစ်အတွင်းသို့ဆက်သွယ်မည့် အခြားဌာန၊ အဖွဲ့အစည်းများ၏ဓာတ်အား ပေးစက်ရုံ၊ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများသည်ဝန်ကြီးဌာန၏သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။

၄၀။    ခွင့်ပြုမိန့်ရရှိသူများသည် ဝန်ကြီးဌာနကထုတ်ပြန်ထားသည့် နည်းဥပဒေများ၊စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီလုပ်ကိုင်ဆောင်ရွက်ရမည့်အပြင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၏လိုအပ်သောစစ်ဆေးမှုကိုခံယူရမည်။

 

အခန်း (၁၀)

လျှပ်စစ်ဓာတ်အားခနှုန်းထားနှင့်ဝန်ဆောင်မှုစရိတ်များ

၄၁။      ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံမှ လျှပ်စစ်ဓာတ်အားခနှုန်းထားနှင့် ဝန်ဆောင်မှုစရိတ်များ သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဒေသအလိုက်သင့်လျော်သော နှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခွင့်ရှိသည်။ ယင်းလျှပ်စစ် ဓာတ်အားခ နှုန်းထားများကို အခါအားလျော်စွာပြောင်းလဲသတ်မှတ်နိုင်သည်။

၄၂။    တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များသည် မိမိဒေသအတွင်းမိမိအစီအစဉ်ဖြင့် ထုတ်လုပ် ဖြန့်ဖြူး သောဒေသဆိုင်ရာ လျှပ်စစ်ဓာတ်အားစနစ်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထားနှင့် ဝန်ဆောင်မှုစရိတ် များနှင့်စပ်လျဉ်း၍ဒေသ အလိုက်သင့်လျော်သောနှုန်းထားကို ဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်ခွင့် ရှိသည်။ ယင်းလျှပ်စစ်ဓာတ်အားခနှုန်းထားများကို အခါအားလျော်စွာ ပြောင်းလဲသတ်မှတ်နိုင်သည်။

အခန်း(၁၁)

ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူ၏ အရေးယူပိုင်ခွင့်

၄၃။    ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူသည် ခွင့်ပြုမိန့်ရရှိသူက ခွင့်ပြုမိန့်ပါစည်းကမ်းချက် သို့မဟုတ် သက်ဆိုင်ရာက ထုတ်ပြန်သောအမိန့် သို့မဟုတ်ညွှန်ကြားချက် တစ်ရပ်ရပ်ကိုဖောက်ဖျက်လျှင်ဖြစ်စေ ၊ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ဖြစ်စေ ထိုသူကိုအောက်ပါအရေးယူမှုတစ်ရပ်ရပ်ကိုချမှတ်နိုင်သည် -

                              (က)     ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း။

                              (ခ)       ခွင့်ပြုမိန့်ကိုကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်းသို့မဟုတ်ပယ်ဖျက်ခြင်း။

အခန်း(၁၂)

တားမြစ်ချက်များ

၄၄။    မည်သူမျှခွင့်ပြုမိန့်မရှိဘဲ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။

၄၅။    ခွင့်ပြုမိန့်ရရှိသူမည်သူမျှ ခွင့်ပြုမိန့်ပါလုပ်ငန်းမှအပ အခြားမည်သည့်လျှပ်စစ်ဆိုင်ရာ လုပ်ငန်း ကိုမျှလုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။

၄၆။    မည်သူမျှလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်မရရှိဘဲ လျှပ်စစ်တပ်ဆင်ခြင်းနှင့် ပြင်ဆင်ခြင်း လုပ်ငန်းကိုဆောင်ရွက်ခြင်းမပြုရ။

၄၇။    မည်သူမျှလျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်မရရှိဘဲ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဆက်သွယ်အသုံးပြုခြင်းမပြုရ။

၄၈။    မည်သူမျှသတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသော လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာ များကို ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မပြုရ။

၄၉။    ခွင့်ပြုမိန့်ရရှိသူမည်သူမျှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရရှိဘဲ အခြား မည်သည့်အဖွဲ့အစည်းနှင့်မဆိုလျှပ်စစ်ဆိုင်ရာလုပ်ငန်းများကိုပူးတွဲဆောင်ရွက်ခြင်းမပြုရ။

၅၀။    ခွင့်ပြုမိန့်ရရှိသူမည်သူမျှ ခွင့်ပြုမိန့်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါလုပ်ငန်းတစ်ခုလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသကိုဖြစ်စေ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းပေးအပ်ခြင်းမပြုရ။

၅၁။    မည်သူမျှလျှပ်စစ်ဓာတ်အားလိုင်းနယ်မြေအတွင်း အဆောက်အအုံဆောက်လုပ်ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်းနှင့်အခြားတစ်နည်းနည်းဖြင့်ဆောင်ရွက်ခြင်းမပြုရ။

၅၂။    ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှလျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူခြင်း၊ ဖြုန်းတီးခြင်း၊ အသုံးပြုခြင်းမပြုရ။

၅၃။    မည်သူမျှလျှပ်စီးကြောင်းလွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားပေးသည့်လိုင်းကို ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုတွင်အသုံးပြုသည့်လျှပ်စစ်ပစ္စည်းကိရိယာများကိုဖျက်ဆီးခြင်းမပြုရ။

အခန်း (၁၃)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၅၄။      မည်သူမဆို ပုဒ်မ ၄၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ် ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်။

၅၅။       ခွင့်ပြုမိန့်ရရှိသူမည်သူမဆို ပုဒ်မ ၄၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်။

၅၆။    မည်သူမဆို ပုဒ်မ ၄၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကိုအနည်းဆုံးကျပ်ငါးသောင်းမှအများဆုံးကျပ်သုံးသိန်းအထိငွေဒဏ်ချမှတ်ရမည်။

၅၇။    မည်သူမဆို ပုဒ်မ ၄၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်ထိုသူကို အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံးကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ် ချမှတ်ရမည်။

၅၈။    မည်သူမဆို ပုဒ်မ ၄၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်းသုံးဆယ်အောက်မလျော့သည့် ငွေဒဏ်ချမှတ်ရမည်။ ပြစ်မှုနှင့်သက်ဆိုင်သောပစ္စည်းများကို ဖျက်ဆီးရမည်။

၅၉။    ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၄၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ် ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၀။    ခွင့်ပြုမိန့်ရရှိသူမည်သူမဆို ပုဒ်မ ၅၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ် ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။

၆၁။   မည်သူမဆို ပုဒ်မ ၅၁ ပါ တားမြစ်ချက်ကို  ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ် ချမှတ် ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသောထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၂။       မည်သူမဆို ပုဒ်မ ၅၂ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်သုံးသိန်းအထိ ငွေဒဏ်ချမှတ် ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုနှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၆၃။ မည်သူမဆို ပုဒ်မ ၅၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်။

၆၄။    မည်သူမဆို ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရာတွင် အားပေး ကူညီကြောင်း သို့မဟုတ် ကျူးလွန်ရန်ပူးပေါင်းကြံစည်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုသက်ဆိုင်ရာပြစ်မှုပါ ပြစ်ဒဏ် အတိုင်းချမှတ်ရမည်။

 

အခန်း(၁၄)

နစ်နာကြေး၊လျော်ကြေး

၆၅။    ပုဒ်မ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၂ နှင့် ၆၃ တို့ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သူ သည် မိမိ၏ ကျူးလွန်မှုကြောင့် ခွင့်ပြုမိန့်ရရှိသူတွင် ထိခိုက်ဆုံးရှုံးမှု တစ်စုံတစ်ရာပေါ်ပေါက်ပါက ယင်းထိခိုက်ဆုံးရှုံးသည့် တန်ဖိုးအတွက် ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း တွက်ချက် ထားသည့် နစ်နာကြေးကိုပေးလျော်ရမည်။

၆၆။   ပုဒ်မ ၆၅ အရ သတ်မှတ်သည့် နစ်နာကြေးကို သတ်မှတ်ချက်များအနှင့်အညီ ကောက်ခံခွင့် ရှိစေရမည်။

၆၇။    မည်သူမဆို ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုကို ပြတ်တောက်စေရန်ပြုလုပ်ပါက နစ်နာဆုံးရှုံးသည့် ဓာတ်အားပမာဏနှင့်ညီမျှသောတန်ဖိုးကိုဝန်ကြီးဌာနကသတ်မှတ်သည့်နည်းလမ်းအတိုင်းတွက်ချက်၍နစ်နာကြေးအဖြစ်ပေးဆောင်စေရမည်။

၆၈။       ခွင့်ပြုမိန့်ရရှိသူသို့မဟုတ် ယင်းကတာဝန်ပေးအပ်ထားသူ၏ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ တာဝန်ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ ဓာတ်လိုက်မှု၊ မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးတစ်ယောက် ထိခိုက် ဒဏ်ရာရလျှင် သို့မဟုတ် မသန်မစွမ်းဖြစ်လျှင် သို့မဟုတ် သေဆုံးလျှင် ထိခိုက်နစ်နာသူသည် ခွင့်ပြုမိန့် ရရှိသူထံမှ လျော်ကြေးကိုအောက်ပါအတိုင်း တောင်းခံခွင့်ရှိစေရမည်-

          (က)     ထိခိုက်နစ်နာသူသည် တည်ဆဲအလုပ်သမားလျော်ကြေးအက်ဥပဒေနှင့် အကျုံးဝင်သူ ဖြစ်ပါက ယင်းဥပဒေအရ သတ်မှတ်ထားသော လျော်ကြေး။

          (ခ)      ထိခိုက်နစ်နာသူသည် တည်ဆဲအလုပ်သမားလျော်ကြေးအက်ဥပဒေနှင့် အကျုံးဝင်သူ မဟုတ်ပါက ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများကသတ်မှတ်သောလျော်ကြေး။

အခန်း (၁၅)

အယူခံခြင်း

၆၉။    ပုဒ်မ ၆၅၊ ၆၆ နှင့် ၆၇ တို့အရ ချမှတ်သည့် နစ်နာကြေးသို့မဟုတ် လျော်ကြေးပေးဆောင် ရန်အမိန့်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည် အမိန့်ကိုလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးထံ အယူခံနိုင်သည်။

၇၀။    ပုဒ်မ ၆၉ အရ အယူခံမှုတွင် ဝန်ကြီးသည် အမိန့်ကိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အတည်ပြု ခြင်းတို့ပြုနိုင်သည်။

 

 

အခန်း (၁၆)

အထွေထွေ

၇၁။    ဤဥပဒေပါပြစ်မှုများကိုရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုများအဖြစ်သတ်မှတ်သည်။

၇၂။    ဤဥပဒေပါပြဋ္ဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် -

          (က)     ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်။

          ( ခ )    ဝန်ကြီးဌာန၊ ကော်မရှင်နှင့်ဝန်ကြီးဌာနက တာဝန်ပေးအပ်သော အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းအသီးသီးတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၇၃။    ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥပဒေနှင့် လျှပ်စစ်ဥပဒေ (၁၉၈၄ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် ၇) အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ကျင့်သုံးနိုင်သည်။

၇၄။    လျှပ်စစ်ဥပဒေ( ၁၉၈၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၇) ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။

 

                                                                             -------------------------------------------------------------------------------

  

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်