The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

MOEE သမိုင်း


လျှပ်စစ်သမိုင်း

              မြန်မာ့လွတ်လပ်ရေးအကြိုခေတ်တွင် အမျိုးသားခေါင်းဆောင်ကြီးများက နိုင်ငံအတွက် စီမံကိန်းရေးဆွဲရာ၌ လယ်ယာစိုက်ပျိုးရေးကို ခေတ်မီစွာတိုးချဲ့လုပ်ကိုင်ရေး၊အိမ်တွင်းစက်မှုလုပ်ငန်း များနှင့် သာမန်စက်မှုလုပ်ငန်းကို ပြည်တွင်းထွက်သယံဇာတပစ္စည်းများ အသုံးပြုရေးတို့မှာ အရေးကြီးကြောင်း သုံးသပ်ခဲ့ကြပါသည်။ ဤကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် လျှပ်စစ် ဓာတ်အားကို နိုင်ငံနှင့်အဝှမ်း ပြည့်ပြည့်စုံစုံလုံလုံလောက်လောက် ဖောဖောသီသီအသုံးပြုနိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင် ရေအားလျှပ်စစ်ဓာတ်အားသာလျှင် စရိတ်အကျဉ်းဆုံးဖြစ်၍ ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန်ဟူသော ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ်၊ ဇွန်လတွင် စတင်ရေးဆွဲသည့် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားတိုးတက်ရေး(၂)နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း)တွင် ထည့်သွင်းခဲ့ကြပါသည်။

               နိုင်ငံတော်လွပ်လပ်ရေးရရှိသည်နှင့်တပြိုင်နက် ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ တွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ Electricity Supply Board (ESB) ကို စက်မှုလက်မှု၀န်ကြီး ဌာနအောက်၌ ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားပေးရေးအက်ဥပဒေနှင့်အညီ စတင်ဖွဲ့စည်းခဲ့ပါသည်။

              ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကို လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း Electric Power Corporation (EPC) ဟုပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

              ၁၉၇၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စက်မှုလက်မှု၀န်ကြီးဌာနအား အမှတ်(၁)စက်မှု၀န်ကြီး ဌာနနှင့် အမှတ်(၂)စက်မှု၀န်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ၊ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း သည် အမှတ်(၂)စက်မှု၀န်ကြီးဌာနလက်အောက်တွင်ပါ၀င်ခဲ့ပါသည်။

              ၁၉၈၅ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် အမှတ်(၂)စက်မှု၀န်ကြီးဌာနမှ စွမ်းအင်၀န်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရာ၊ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းသည် စွမ်းအင်၀န်ကြီးဌာန လက်အောက်တွင် ပါ၀င်ခဲ့ပါသည်။

၁၉၈၉ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းကိုမြန်မာ့ လျှပ်စစ် ဓာတ်အားလုပ်ငန်း Myanma Electric Power Enterprise(MEPE) ဟု ပြင်ဆင်ဖွဲ့စည်း ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။    

၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနကို တိုးချဲ့ဖွဲ့စည်းရာတွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်၌ လျှပ်စစ်စွမ်းအားဦးစီး ဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ရေအားလျှပ်စစ်ဦးစီးဌာနဟူ၍ ဌာန(၃)ဌာနဖြင့် ဖွဲ့စည်း ခဲ့ပါသည်။

၂၀၀၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခု ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင် အဆိုပါဝန်ကြီးဌာန(၂)ခုကိုပူးပေါင်းပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ဦးစီးဌာန(၃)ခု၊ လုပ်ငန်း(၂)ခုနှင့် ကော်ပိုရေးရှင်း(၂)ခုတို့ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။

စွမ်းအင်သမိုင်း

              ကိုလိုနီခေတ်အတွင်းနှင့်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရမှ ပြည်သူ့ရေနံ လုပ်ငန်းအမည်ဖြင့်သတ္ထုတွင်းဝန်ကြီးဌာန လက်အောက်တွင် ဆောင်ရွက်ခဲ့ပြီး၊ သတ္ထုတွင်းဝန်ကြီး ဌာန၏ ၂၈-၂-၁၉၇၀ နေ့စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ (၁/၇၀)ဖြင့်မြန်မာ့ရေနံကော်ပိုရေးရှင်းအဖြစ် အမည်ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။ မြန်မာ့ရေနံကော်ပို​ရေးရှင်းသည်ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်းနှင့် ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာမှ ၂၈-၂-၁၉၇၅ ရက်နေ့တွင် ကျင်းပခဲ့သောနိုင်ငံတော်ကောင်စီ၏ (၂၆)ကြိမ်မြောက် အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ ရေနံချက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ရေနံချက်စက်ရုံများနှင့်ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို (၁-၄-၁၉၇၅)ရက်နေ့မှ အမှတ်(၂)စက်မှုဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ဝန်ကြီးအဖွဲ့၏ (၂၉-၇-၁၉၇၇) နေ့စွဲပါ စာအမှတ်၊ ၈၇ ဝဖ ၇၇ (၄) ဖြင့်ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်၊ (၁၀/ ၇၇)အရ မြန်မာ့ရေနံ ကော်ပိုရေးရှင်းကိုပါ (၁-၈-၁၉၇၇)ရက်နေ့မှစ၍ အမှတ်(၂)စက်မှုဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းပေးခဲ့သဖြင့် အောက်ပါအဖွဲ့အစည်း(၃)ခုဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်-

          (က)    မြန်မာ့ရေနံကော်ပိုရေးရှင်း

          ( ခ )   ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း

          ( ဂ )   ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်း

              ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီ၏ ၁၉၈၅ ခုနှစ် ဧပြီလ ၁၂ နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၄၁/၈၅) နှင့်အစိုးရအဖွဲ့၏ ၁၉၈၅ ခုနှစ်၊ ဧပြီလ ၁၂ နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊( ၅/၈၅)များအရစွမ်းအင်ဝန်ကြီးဌာနကို အောက်ပါအဖွဲ့အစည်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-

          (က)    ဝန်ကြီးရုံး (အသစ်ဖွဲ့စည်းခြင်း)

          ( ခ )   စွမ်းအင်စီမံရေးဦးစီးဌာန(အသစ်ဖွဲ့စည်းခြင်း)

          ( ဂ )   မြန်မာ့ရေနံကော်ပိုရေးရှင်း

          (ဃ)    ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း

          ( င )   ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်း

          ( စ )   လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း

           ၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့် ကြော်ငြာစာ အမှတ်၊ (၂/၈၉) အရနိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အမည်များကိုပြောင်းလဲ ခေါ်ဝေါ်ရန် သတ်မှတ်သဖြင့် စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိကော်ပိုရေးရှင်း ၄ ခု၏ အမည်များကို အောက်ပါအတိုင်းပြင်ဆင်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်-

          (က)    ဝန်ကြီးရုံး

          ( ခ )   စွမ်းအင်စီမံရေးဦးစီးဌာန

          ( ဂ )   မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

          (ဃ)    မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

          ( င )   မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း

          ( စ )   မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း

             မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၆-၁၁-၉၇)ရက်စွဲပါစာအမှတ်၊ ၄၀/၉၇ အဖရ ၉၇(၃)အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းသွားခဲ့ပါသဖြင့်၊ စွမ်းအင်ဝန်ကြီးဌာနကို အောက်ပါအဖွဲ့အစည်းများဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်-

          (က)    ဝန်ကြီးရုံး

          ( ခ )   စွမ်းအင်စီမံရေးဦးစီးဌာန

          ( ဂ )   မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

          (ဃ)    မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

          ( င )   မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

         ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန တို့အားပူးပေါင်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအဖြစ် ဦးစီးဌာန(၅)ခု၊ လုပ်ငန်း(၄)ခုနှင့် ကော်ပိုရေးရှင်း(၂)ခုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

         (က)    လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန

         ( ခ )   ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန

         ( ဂ )   လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန

         (ဃ)    ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

         ( င )   ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

         ( စ )   လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း

         (ဆ)   လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

         ( ဇ )    မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

         ( ဈ )   မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

         (ည)   ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

         ( ဋ )   မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ၂၀၂၂ ခုနှစ် မေလ ၂ ရက်စွဲပါ အမိန့်အမှတ်(၃၃/၂၀၂၂)ဖြင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလိုငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉)အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။  

         ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂)၏ သဘောတူခွင့်ပြုချက်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်  ဦးစီးဌာန(၃)ခု၊ လုပ်ငန်း(၂)ခု နှင့် ကော်ပိုရေးရှင်း(၂)ခုတို့ ပါဝင်ပါသည်။

         (က)    လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန

         ( ခ )   လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန

         (ဂ)    ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

         ( ဃ )   လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း

         (င)   လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

         (စ)   ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

         ( ဆ )   မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် (၁/၂၀၂၆) အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (Ministry of Electricity and Energy - MOEE) အဖြစ် ပြန်လည်ပေါင်းစပ်ဖွဲ့စည်းခဲ့ပါသည်။

         (က)    လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန

                   Department of Electric Power and Planning

         ( ခ )   ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန

                  Oil and Gas Planning Department

         ( ဂ )   လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန

                   Department of Power Transmission and System Control

         ( ဃ )   ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

                     Petroleum Products Regulatory Department 

         ( င )    ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

                    Department of Hydropower Implementation

         ( စ )   လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း

                  Electric Power Generation Enterprise

         (ဆ)   လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

                   Electricity Supply Enterprise

         ( ဇ )    မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

                    Myanma Oil and Gas Enterprise

         ( ဈ )   မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

                   Myanma Petrochemical Enterprise

         (ည)   ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

                  Yangon Electricity Supply Corporation

         ( ဋ )   မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

                 Mandalay Electricity Supply Corporation