The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

MESC သမိုင်း


မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်စေရန်အတွက်

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းကိစ္စ

၁။     ဖွဲ့စည်းပေါ်ပေါက်လာပုံ

       (က)     ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင် အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီး ဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန(၂)ခုကို ပြန်လည်ပူးပေါင်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ဦးစီးဌာန(၃)ခု၊ လုပ်ငန်း(၃)ခု၊ အဖွဲ့(၁)ခုတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ မန္တလေးတိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးမှာ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏အောက်တွင် ပါဝင်ခဲ့ပါသည်။

      ( ခ )  နိုင်ငံတော်သမ္မတရုံး၏ (၂၉-၁-၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၅၈(၁)/၇/သမ္မတရုံး  ဖြင့် မန္တလေးတိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းအဖြစ် (၁-၄-၂၀၁၅) ရက်နေ့မှစတင်၍ ပြောင်းလဲဖွဲ့စည်းရန် ခွင့်ပြုခဲ့ပါသည်။

      ( ဂ )    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်၊ ၄၄၊ လျှပ်စစ်ဥပဒေ၊ ပုဒ်မ ၈ (ဂ) နှင့် ပုဒ်မ ၇၂ (ခ) တို့ အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်သမ္မတရုံး၏ (၂၉-၁-၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၅၈(၁)/၇/သမ္မတရုံး၏ ခွင့်ပြုချက်နှင့် (၁၃-၈-၂၀၁၅)ရက်နေ့ တွင် ကျင်းပပြုလုပ်သည့်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၅) တွင် သဘောတူခွင့်ပြုခဲ့ပါသည်။

     (ဃ)     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာ စာအမှတ်(၁၂၇/၂၀၁၅) ဖြင့် ပြည်ထောင်စုရန်ပုံငွေပြင်ပတွင် မိမိဝင်ငွေအပေါ် ရပ်တည်ဆောင်ရွက်နိုင်ရေး အတွက် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို (၁-၇-၂၀၁၅)ရက်နေ့ တွင် ဖွဲ့စည်း  ဆောင်ရွက်ခဲ့ပါသည်။

 ၂။    ရည်ရွယ်ချက်

        (က)     လျှပ်စစ်ဓာတ်အားနှင့်သက်ဆိုင်သော လုပ်ငန်းအရပ်ရပ်တို့ကို နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီအညွတ်ဖြစ်စေရေး စီမံဆောင်ရွက်ရန်။

        ( ခ )    အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကို ပြည်သူများသို့ ဖြန့်ဖြူးပေး နိုင်ရေး၊ ဓာတ်အားလုံလောက်စွာရရှိရေးနှင့် ရာနှုန်းပြည့်ဓာတ်အားသုံးစွဲခွင့်ရရှိရေး တို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အား စီမံရန်။

        ( ဂ )    လျှပ်စစ်ဆိုင်ရာလုပ်ငန်းများတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ရေးကို စီမံရန်။

        (ဃ)     ကော်ပိုရေးရှင်းအား အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကို စီမံရန်။

        ( င )    ကော်ပိုရေးရှင်းအား နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ်မှ အများနှင့် သက်ဆိုင်သော ကော်ပိုရေးရှင်းအဖြစ်သို့ (၅)နှစ်အတွင်း ဖြစ်ပေါ်လာစေရေး စီမံရန်။

        ( စ )    မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ လုပ်ငန်းများကို စျေးကွက် စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဆန်ဆန် အောင်မြင်စွာဆောင်ရွက်နိုင်ရန်။

၃။     ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ

        (က)     မြန်မာနိုင်ငံမြောက်ပိုင်းရှိစက်ရုံများမှ ထုတ်လုပ်ပေးသော ဓာတ်အားများကို ၂၃၀ ကေဗွီ ဗို့အားမြင့်ဓာတ်အားလိုင်းများမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအတွင်း အများပြည်သူနှင့် စက်မှုသုံးလုပ်ငန်းများ အသုံးပြုနိုင်ရန် ဗို့အားနိမ့် ဓာတ်အားလိုင်း (၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၆.၆ ကေဗွီနှင့် ၀.၄ ကေဗွီ)များဖြင့် ဓာတ်အား ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါသည်။

        ( ခ )    မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဝန်အားများကို ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန်ဖြစ်ပါသည်။

        ( ဂ )    မန္တလေးတိုင်းဒေသကြီးအတွင်း တိုးတက်သုံးစွဲလာသည့် ဝန်အားကို အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရပါသည် -

                   (၁)     System Development Plan (ဓာတ်အားစနစ်အတွင်း ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၆.၆ ကေဗွီနှင့် ၀.၄ ကေဗွီ အစရှိသော ဗို့အားနိမ့် လိုင်း/ခွဲရုံများတိုးတက်ဖြန့်ဖြူးနိုင်ရေးအတွက် အစီအမံများ ရေးဆွဲခြင်း)

                   (၂)     System Improvement Plan (ဓာတ်အားစနစ်အတွင်း  ဗို့အားနိမ့်ဓာတ်အား လိုင်းများတွင် တိုးတက်သုံးစွဲလာသည့် ဓာတ်အားများကို တည်ငြိမ်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် လိုအပ်သောနေရာများတွင် ကြိုး၊ ကြွေသီး၊ ဝန်အားနိမ့် ထရန်စဖော်မာ                          များအား ဝန်အားမြင့်ပစ္စည်းများဖြင့် အစားထိုးလဲလှယ်ပေးခြင်း)

                  (၃)     Operation and Maintenance (ဓာတ်အားစနစ်အတွင်းရှိ ဗို့အားနိမ့် လိုင်း/ခွဲရုံများအား ထိန်းသိမ်းခြင်းနှင့်ပြုပြင်ခြင်း)

      (ဃ)    မန္တလေးတိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကို ပြည်သူများသို့ ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားလုံလောက်စွာ ရရှိရေးနှင့် ရာနှုန်းပြည့် ဓာတ်အားသုံးစွဲခွင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း။

      ( င )   ရေတို၊ ရေရှည်လုပ်ငန်းစီမံချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

      ( စ )   လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး စီမံဆောင်ရွက်ခြင်း။

      (ဆ)    လျှပ်စစ်ဓာတ်အားခ အပြည့်အဝရရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်း။

      ( ဇ )   လျှပ်စစ်ဥပဒေနှင့် နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် စေရေး။

      ( ဈ)    လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ရင်းနှီးမြှုပ်နှံမှုများတွင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်နှင့် လက်ရှိတွင် Franchise ကုမ္ပဏီ (၇)ခုဖြင့် မြို့နယ်(၂၃)မြို့နယ်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။ မြို့နယ်(၃၄) ခုအား ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။