MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်ဓာတ်အားသုံးစွဲသူ နှင့်စည်းကမ်းလိုက်နာမှု

  လူ့အဖွဲ့အစည်း ရပ်တည်နိုင်မှု၊ လူတစ်ဦး၏ ဘဝတစ်လျှောက် ရပ်တည်နိုင်မှုများသည် စည်းကမ်း သတ်မှတ်ချက်များအတွင်း လိုက်နာဆောင်ရွက်ကြမှသာ ဘေးရန်ကင်းကွာစွာဖြင့် ရပ်တည်နိုင်ကြမည် ဖြစ်ပါသည်။ စည်းကမ်း သတ်မှတ်ချက်များတွင် နိုင်ငံသားတစ်ယောက် လိုက်နာရန်၊ ရပ်ကွက်အတွင်း နေထိုင်သူများ လိုက်နာရန်၊ မိသားစုအတွင်း လိုက်နာရန်၊ ယာဉ်မောင်းသူများ လိုက်နာရန်၊ ကျောင်းသား/ ကျောင်းသူများ လိုက်နာရန်၊ ဝန်ထမ်းများ လိုက်နာရန် စသည်ဖြင့်သတ်မှတ်ထုတ်ပြန် ထားကြပါသည်။ စည်းကမ်းချက်များ သတ်မှတ်ခြင်းသည် လုပ်ငန်းပိုင်ဆိုင်ရာ ထိန်းသိမ်းမှု လိုအပ်ချက်နှင့်သက်ဆိုင်သူများ အန္တရာယ်ကင်းစေရန် အချက်များလည်း ပါဝင်ပါသည်။ ဥပမာအားဖြင့်ဆိုင်ကယ်စီးလျှင် ဦးထုပ် မဆောင်းပါက ဒဏ်ငွေရိုက်မည်ဆိုသော စည်းကမ်းချက်သည် ဆိုင်ကယ်စီးသူ များ အန္တရာယ် ကင်းရှင်းစေရန်အတွက် ဖြစ်ပါသည်။ သစ်ပင်မခုတ်ရ၊ ယာဉ်များ တံတားပေါ်တွင် သတ်မှတ်ဝန်အားထက် ပိုတင်၍ မဖြတ်ရ စသည့် စည်းကမ်းချက်များသည် အများပြည်သူအကျိုး နှင့် ပြည်သူပိုင် ပစ္စည်း ကာကွယ်ရန် အတွက် ထုတ်ပြန်ထားသော တားမြစ်ချက်များပင် ဖြစ်ပါသည်။

 လျှပ်စစ်ဓာတ်အားသုံးစွဲသူများ အတွင်လည်း လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် စနစ်တကျရှိစေရေး နှင့် နိုင်ငံတော်ပစ္စည်း ဘဏ္ဍာငွေ ကာကွယ်စောင့်ရှောက်ရန်အတွက် စည်းကမ်းချက်များ ထုတ်ပြန်ထားပြီး မလိုက်နာပါက နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အရေးယူဆောင်ရွက်ခြင်း ခံကြရပါသည်။ ဓာတ်အား သုံးစွဲသူများ အနေဖြင့် -

       (က)  လျှပ်စစ်ဓာတ်အား တရားမဝင် သုံးစွဲမှု မပြုရပါ။

       (ခ)    မိမိအိမ် နှင့် စက်ရုံများတွင် တပ်ဆင်ထားသော မီတာများကို မိမိသဘောအလျောက် နေရာ ရွှေ့ပြောင်း တပ်ဆင်ခြင်း မပြုရပါ။

       (ဂ)    မီတာများတွင် ဓာတ်အားသုံးစွဲရန် လုံခြုံမှုအရ မီတာတွင် တပ်ဆင်ခပ်နှိပ်ထားသော လုံခြုံရေး ဆီးလ်(Cover Seal)၊ မီတာ ကြိုး အဝင်/အထွက်တွင် တပ်ဆင်ခပ်နှိပ်ထားသော လုံခြုံရေး ဆီးလ်(Terminal Seal)များကို ဖြတ်ခြင်း၊ ဖြုတ်ခြင်း၊ ပြုပြင်ခြင်းများ                 မပြုလုပ်ရပါ။

      (ဃ)  မီတာများကို ပြုပြင်၍ ဓာတ်အားခိုးယူသုံးစွဲခြင်းများ မပြုလုပ်ရပါ။

      (င)    စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်ဆင်ထားသော မီတာ ဝန်အားထက် ကျော်လွန်သုံးစွဲခြင်း မပြုရပါ။

      (စ)    မိမိအိမ်၊ စက်ရုံအတွက် ခွင့်ပြုထားသော ဓာတ်အားလိုင်းမှ တစ်ဆင့် ထပ်ဆင့် ဓာတ်အား ဖြန့်ဖြူးခြင်း(ဆင့်ပွား ဓာတ်အားဆက်သွယ်ခြင်း) မပြုလုပ်ရပါ။

      (ဆ)   စက်မှုသုံး မီတာများတွင် ခွင့်ပြုဝန်အားထက် ကျော်လွန်သုံးစွဲခြင်း မပြုရပါ။

              လက်ရှိ တပ်ဆင်ခွင့်ပြုလျက်ရှိသော ရိုးရိုး အိမ်သုံးမီတာ တစ်လုံးသည် 30 Ampere သာ ခံနိုင်ဝန်အား ရှိသည့်အတွက် စက်မှုလုပ်ငန်း ဆောင်ရွက်လိုပါက စက်မှုသုံးပါဝါမီတာ

 

တပ်ဆင်ရပါမည်။ စက်မှုသုံး ဝန်အား များများ သုံးစွဲလိုပါက ပါဝါမီတာ နှင့်မလုံလောက်တော့ဘဲ ကိုယ်ပိုင် ထရန်စဖော်မာ လျှောက်ထား၍ စီတီ မီတာ တပ်ဆင် အသုံးပြုရပါမည်။

အိမ်သုံးမီတာ နှင့် စက်မှုလုပ်ငန်း ဆောင်ရွက်ပါက မီတာ သတ်မှတ်ဝန်အားထက် ပိုသော လျှပ်စီးကြောင်း စီးဆင်းသဖြင့် မီတာ လောင်ကျွမ်းမှု ဖြစ်စေပါသည်။ ဓာတ်အားသုံးစွဲသူများ လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းတိုးချဲ့ သုံးစွဲနိုင်ရန်အတွက် မီတာ နှင့် ထရန်စဖော်မာ အင်အား တိုးမြှင့် အသုံးပြုလိုပါက လျှပ်စစ်ရုံးများတွင် လျှောက်ထားနိုင်ပါသည်။ မီတာများ လောင်ကျွမ်းခြင်း၊မူလလျှောက်ထားစဉ်က ဝန်အားထက် ပိုမို သုံးစွဲထားမှုများ စစ်ဆေးတွေ့ရှိရပါက လျော်ကြေးငွေ တောင်းခံပြီး  သုံးစွဲဝန်အား နှင့် ညီမျှသော မီတာ နှင့် ထရန်စဖော်မာကို တပ်ဆင် သုံးစွဲခွင့်ပြုပါသည်။

          တရားမဝင်သော နည်းလမ်းများဖြင့် ဓာတ်အားသုံးစွဲသူ များကြောင့် ဗို့အားကျဆင်းမှုများ၊ ထရန်စဖော်မာများမှာ ဝန်အား မနိုင်တော့သဖြင့် လောင်ကျွမ်း ပျက်စီးမှုများ၊ ဓာတ်လိုက်မှု အန္တရာယ်များ၊ မီးဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိပါသည်။ ဓာတ်အားပျောက်ဆုံးမှု များပြားခြင်းကြောင့်လည်း နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေလျော့နည်းမှုများ ဖြစ်ပေါ်စေသည့်အပြင် နည်းပညာပိုင်း ဆိုင်ရာအနေဖြင့် တရားမဝင် ဓာတ်အားသုံးစွဲမှုကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ ချို့ယွင်းမှု ဖြစ်ပေါ်နိုင်ခြင်းကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးသည့်စနစ်အပေါ် အနှောင့်အယှက် ဖြစ်ပေါ်စေပါသည်။

တရားမဝင်သော နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ မရှိစေရန်အတွက် လျှပ်စစ်ဝန်ထမ်းများဖြင့် စီမံချက်ချမှတ် စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိရာ တွေ့ရှိရပါက လျှပ်စစ် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဓာတ်အား ဖြတ်တောက်ခြင်း၊ သုံးစွဲဝန်အားအလိုက် လျော်ကြေး တောင်းခံခြင်း၊ခံဝန်ကတိ လက်မှတ် ရေးထိုးစေခြင်း၊ ကျုးလွန်မှု အပေါ် မူတည်၍ ရဲစခန်းတွင် အမှုဖွင့်ခြင်း စသည့် အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်ရပါသည်။

          နိုင်ငံတကာတွင်လည်း တရားမဝင် ဓာတ်အားသုံးစွဲမှုများနှင့် ပတ်သက်၍ လျှပ်စစ်ဆိုင်ရာ ဥပဒေ  နည်းဥပဒေများ ပြဌာန်းပြီး အရေးယူမှုများ ရှိပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အနေဖြင့်တရားမဝင် ဓာတ်အားသုံးစွဲမှုများကို စစ်ဆေး ဆောင်ရွက်ခဲ့ရာတွင် နှစ်အလိုက် စစ်ဆေးတွေ့ရှိမှု နှင့် လျော်ကြေး၊ ဒဏ်ကြေး၊ နစ်နာကြေး တောင်းခံရရှိမှု အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

             - ၂၀၁၀-၂၀၁၁ ခုနှစ်တွင် တရားမဝင် ဓာတ်အားသုံးစွဲသူ ၅၁၈၂ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာကျပ်ငွေ ၁၄၇၇.၅၆ သန်း နှင့် US $ ၁၇၄၆၅၈.၂၉ ရရှိခဲ့ပါသည်။

             - ၂၀၁၁-၂၀၁၂ ခုနှစ်တွင် တရားမဝင် ဓာတ်အားသုံးစွဲသူ ၄၁၄၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာကျပ်ငွေ ၈၇၁.၆၉၂ သန်း နှင့် US $ ၅၃၅၄.၄၃ ရရှိခဲ့ပါသည်။

             - ၂၀၁၂-၂၀၁၃ ခုနှစ်တွင် တရားမဝင် ဓာတ်အားသုံးစွဲသူ ၃၇၉၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာကျပ်ငွေ ၁၅၃၈.၉၈၉ သန်း နှင့် US $ ၂၅၃၇.၈၄ ရရှိခဲ့ပါသည်။

             - ၂၀၁၃-၂၀၁၄ ခုနှစ်တွင် တရားမဝင် ဓာတ်အားသုံးစွဲသူ ၁၉၄၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာကျပ်ငွေ ၆၆၂.၈၁၇ သန်း နှင့်US $ ၂၅၇၄၈.၉၃ ရရှိခဲ့ပါသည်။

             - ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ လကုန်အထိ တရားမဝင် ဓာတ်အားသုံးစွဲသူ ၁၅၇၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာကျပ်ငွေ ၅၄၁.၆၂၇ သန်း ရရှိခဲ့ပါသည်။

          တရားမဝင် ဓာတ်အားသုံးစွဲမှုများ စစ်ဆေးဖော်ထုတ်ခဲ့ရာတွင် တာဝန်သိ ပြည်သူများ၏ သတင်းပေး ပူးပေါင်းပါဝင် ဆောင်ရွက်မှုများလည်း ပါဝင်ပါသည်။ ဓာတ်အားသုံးစွဲသူများ အနေဖြင့် ဓာတ်အားသုံးစွဲရာတွင် လိုက်နာရမည့် အချက်များကို သိရှိလိုက်နာခြင်းဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းနိုင်သည့်အပြင် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှု စနစ်ကိုပါ အထောက်အကူပြုရာ ရောက်ပါကြောင်း ဖော်ပြအပ်ပါသည်။

 

 

ဝေယံ

03-Jan-2018