The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍ ကြီးကြပ်မှုအောက် ဉီးစီးဌာန/ လုပ်ငန်းများမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ( ၁၅ ) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍ ကြီးကြပ်မှုအောက် ဉီးစီးဌာန/ လုပ်ငန်းများမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ  လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်၊ ဉီးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဉီးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများက ရုံးအမှတ် (၂၇)မှလည်းကောင်း၊  ကြီးကြပ်မှုအောက်နယ်ဒေသများရှိ ရေနံမြေများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများနှင့် ရေနံသိုလှောင် ဖြန့်ဖြူးရေးဌာနများမှ အရာရှိများက သက်ဆိုင်ရာဒေသများမှနေ၍ Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

               အဆိုပါ အစည်းအဝေး၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(စွမ်းအင်ကဏ္ဍ)၏  ဉီးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဉီးဆောင်ညွှန်ကြားရေးမှူးများက လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဘဏ္ဍာရေးနှစ် အလိုက် လျာထားဆောင်ရွက်မည့် အစီအမံများနှင့် ဖြည့်ဆည်းဆောင်ရွက်ရန်  လိုအပ်ချက်များအား အသီးသီး ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်ဆွေးနွေးပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများအပေါ် လေ့လာသုံးသပ်၍ ဌာန/ လုပ်ငန်း အလိုက်အနာဂတ်ကာလတွင်အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည့်လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မှန်ကန် သင့်လျော် သော စီမံချက်များ ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဌာနအသီးသီး တွင် လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ကျွမ်းကျင်သော ဝန်ထမ်းများရှိရန် လိုကြောင်း၊ ဝန်ထမ်းများ၏စွမ်း‌ဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် အသက်ဝင်သည့် စာကြည့်တိုက်များ ထူထောင်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဌာနတွင်းသော်လည်းကောင်း၊ ဌာနပြင်ပ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီရယူ၍လည်းကောင်း  သင်တန်းများပို့ချပေးရန်နှင့် သင်တန်းသား များကို လုပ်ငန်းခွင်အတွက် ပြန်လည်အသုံးချနိုင်သူ၊ စိတ်ဝင်စားသူများအား စိစစ်၍ ရွေးချယ်ရန် လိုအပ်ပါကြောင်း၊ ရွေးချယ်ပြီးသင်တန်းသားများအား စေလွှတ်သည့် သင်တန်းနှင့်စပ်လျဉ်း၍ ကြိုတင်လေ့လာသင့်သည့်အချက်များ၊ သင်တန်းသို့ စေလွှတ်သည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်း ပြောကြား၍ စေလွှတ်သွားရန် လိုအပ်ပါကြောင်း၊ သင်တန်း သာမက အလုပ်ရုံဆွေးနွေးပွဲများ မကြာခဏ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများတွင် မိမိတို့နိုင်ငံ သာမက အခြားနိုင်ငံများ၏ Energy Master Plan များကို လေ့လာနိုင်ရန်လိုအပ်ပါကြောင်း၊ အချင်းချင်း အပြန်အလှန် ဆွေးနွေးမှုများမှ တစ်ဆင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက် တတ်စေမည့် နည်းလမ်းများရရှိရေး လေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်း များအနေဖြင့် အနာဂတ်တွင်သေချာသည့် အကျိုးအမြတ်ရရှိမည့် လုပ်ငန်းများအား ကြိုတင် သုံးသပ်လေ့လာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Future Plan အတွက် ဆောင်ရွက်ခဲ့သည့် အချက်အလက်များ၊ CSO မှ လိုအပ်သည့်အချက်အလက်များကို စုစည်း၍ Analyze လုပ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် စွမ်းအင်အရင်းအမြစ်များအားရှာဖွေ၍ လိုအပ်ချက် နှင့်အညီ ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ အနာဂတ်တွင်လိုအပ်မည့် စွမ်းအင်လိုအပ်ချက်များ အတွက် စီမံချက်များအား ကာလတို (၃ နှစ်) ၊  ကာလလတ် (၈ နှစ်) နှင့်  ကာလရှည်(၁၅ နှစ်) လက်တွေ့ကျသည့် စီမံချက်များ ချမှတ်ရေးဆွဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုစီမံချက် များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် နည်းပညာအရအသင့်ဖြစ်နေရန် လိုအပ်ကြောင်း၊ လိုအပ်ပါက ကျွမ်းကျင်ပညာရှင်များ ငှားရမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် အိမ်နီးချင်း နိုင်ငံများ၏ မဟာဗျူဟာများ၊ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကိုလည်း သိရှိ လေ့လာထားရန် လိုအပ်ကြောင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက  ခိုင်မာသောအစီရင်ခံစာ များနှင့် ကြိုတင်တွေးတောကြံဆချက်များအား ချပြနိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံအတွက် လိုအပ်ချက်နှင့် ကိုက်ညီ၍ အရည်အသွေးကောင်းမွန်သည့် ယူရီးယားများကိုထုတ်လုပ်နိုင်ရေး အတွက်လည်း ကြိုးစားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဝယ်ယူသုံးစွဲသည့် ပြည်သူများ၏ ပကတိ ဈေးကွက်အခြေအနေကို လေ့လာသုံးသပ် သင့်ကြောင်း၊ Future Plan များကို Financial Plan ကြောင့်  နှောင့်နှေးမှုများ မဖြစ်စေရန် လက်တွေ့ကျကျ သုံးသပ်ဆောင်ရွက်နိုင်ရန် လိုအပ် ပါကြောင်းနှင့် လုပ်ဖော်ကိုင်ဖက်များကို ဦးဆောင်ပေးတတ်စေမည့်သူများ စနစ်တကျ ရွေးချယ် မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခင်အတွေးခေါ်အယူအဆများအား ယခုမှစ၍ ပြောင်းလဲပြီး ပြည်သူများယုံကြည်မှုကို အပြည့်အဝရရှိစေရေး ပြည်သူများ၏အမြင်၊ ပြည်သူများ၏ အကြံပြုချက်များအား အလေးထား ဆောင်ရွက်ရန်နှင့် နိုင်ငံတကာတွင် အောင်မြင် နေသော စီးပွားရေးကုမ္ပဏီများမှ လေးစားရသော လုပ်ငန်းဌာနများဖြစ်အောင် ကြိုးစားကြစေလို ပါကြောင်း လမ်းညွှန်မှာကြားပါသည်။

Post under by : ဝန်ကြီးရုံး
15-Jan-2021