The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နိုင်ငံတော်က ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်များအား စက်သုံးဆီခွဲတမ်း ပြန်လည်ပြီးချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် စက်သုံးဆီခွဲတမ်းပြန်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မေးခွန်း

ဒေါက်တာမျိုးထွန်း(လားရှိုးမဲဆန္ဒနယ်)
နိုင်ငံတော်က ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်များအား စက်သုံးဆီခွဲတမ်း ပြန်လည်ပြီးချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် စက်သုံးဆီခွဲတမ်းပြန်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသသည် ၂၀၂၃ ခုနှစ် အကြမ်းဖက်ခံရသည့်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုင်ငံတော်မှ ခွဲဝေပေးသည့် စက်သုံးဆီခွဲတမ်း မြို့နယ်အသီးသီးတွင် ထပ်မံရရှိခဲ့ခြင်း မရှိသည့် အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ပြင်ဦးလွင်၌ ဓာတ်ဆီ ၁ လီတာကို ၂၀၀၀ ကျပ်ဖြင့် ဝယ်ရသည့် အချိန် လားရှိုးတွင် ၁ လီတာကို ၅၀၀၀ နှင့်ဝယ်ယူ၍ သုံးစွဲခဲ့ရပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် လားရှိုးမြို့ပေါ်၌ 92 ဓာတ်ဆီ  ၁ လီတာ ၁၂၀၀၀ ကျပ်နှုန်းနှင့် ဝယ်ယူသုံးစွဲခဲ့ရပါကြောင်း၊ ဒီနေ့ မနက်ဈေးမှာ လားရှိုး၌ 92 တစ်လီတာ ၈၈၀၀ ကျပ်ဖြင့် ဝယ်ယူနေရပါကြောင်း၊ ဓာတ်ဆီဈေး အဆမ တန်မြင့်မားသည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့်အတူ ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်နေ ပါကြောင်း၊
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် တပ်မတော်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသရှိ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့နယ် စသည့် မြို့နယ်အသီးသီးကို ပြန်လည်တိုက်ခိုက် သိမ်းယူပြီး နောက် မန္တလေးမှတစ်ဆင့် နောင်ချို-ကျောက်မဲ-သီပေါလမ်းကိုလည်း နိုင်ငံတော်မှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် နိုင်ငံတော်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသရှိ မြို့နယ်များကို စက်သုံးဆီခွဲတမ်းပြန်လည်ချပေးရန် အစီအစဉ်ရှိ /မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် စက်သုံးဆီခွဲတမ်း ပြန်လည်ချပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။ 

အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်နိုင်ဝင်း 
    ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၂၅၃ ဆိုင် နယ်မြေ ဒေသအခြေအနေကောင်းမွန်ခဲ့စဉ်က တစ်ရက်ပျမ်းမျှ ဖြန့်ဖြူးရောင်းချမှုမှာ 92 Rom ဓာတ်ဆီ လီတာ ငါးသိန်းကိုးသောင်းကျော်၊ 95 Ron ဓာတ်ဆီလီတာ ငါးသောင်းခြောက်ထောင်ကျော်၊ ရိုးရိုး ဒီဇယ်ဆီလီတာ သုံးသိန်းကျော်၊ ပရီမီယံဒီဇယ်ဆီလီတာ ငါးသိန်းလေးသောင်းကျော် ဖြန့်ဖြူးခဲ့ ပါကြောင်း၊ နယ်မြေဒေသအခြေအနေအရ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင် များအား ၂၂-၆-၂၀၂၄ ရက်စွဲဖြင့် PO အမှတ်စဉ် ၀၅၀ တွင်လည်းကောင်း၊ နောင်ချိုမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ၃-၇-၂၀၂၄ ရက်စွဲဖြင့် ခွင့်ပြုခဲ့သည့် PO အမှတ်စဉ် ၀၅၂ တွင် လည်းကောင်း၊ လားရှိုးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ၆-၇-၂၀၂၄ ရက်စွဲဖြင့် PO အမှတ်စဉ် ၀၅၃ တွင်လည်းကောင်း၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်နှင့် နမ့်လန်မြို့နယ်တို့ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ၂၂-၈-၂၀၂၄ ရက်စွဲဖြင့် ခွင့်ပြုခဲ့သည့် PO အမှတ်စဉ် ၀၀၆ တွင် လည်းကောင်း စက်သုံးဆီများကို နောက်ဆုံးအကြိမ်ခွင့်ပြုခဲ့ပြီး နယ်မြေဒေသအခြေအနေအရ စက်သုံးဆီအရောင်း ဆိုင်များသို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ စက်သုံးဆီ ဝယ်ယူခွင့် PO များ ခွင့်ပြုခြင်းကို ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊
    လက်ရှိအခြေအနေတွင် လားရှိုးမြို့၊ တန့်ယန်းမြို့၊ မိုင်းရယ်မြို့၊ နောင်ချိုမြို့၊ ကျောက်မဲမြို့၊ သီပေါမြို့နှင့် နမ့်လန်မြို့များရှိ သတ်မှတ်ထားသော စက်သုံးဆီအရောင်းဆိုင်များအား သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏အစီအမံ၊ နယ်မြေခံစစ်ဒေသများ၏ ကြီးကြပ်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စက်သုံးဆီအရောင်းဆိုင် များမှ စက်သုံးဆီများကို တောင်ကြီး-ဟိုပုံး-လွိုင်လင်-ကျေးသီး-မိုင်းရယ်-လားရှိုးလမ်းကြောင်း အတိုင်း သယ်ယူ၍ ဒေသအစီအစဉ်ဖြင့် ခွဲဝေအသုံးပြုလျက်ရှိပါကြောင်း၊ ယခုအခါ လက်ရှိ နယ်မြေ အခြေအနေအရ စက်သုံးဆီပို့ဆောင်မှု အဆင်ပြေချောမွေ့ခြင်းရှိ မရှိနှင့် စက်သုံးဆီများကို မသက်ဆိုင် သည့် အဖွဲ့အစည်းများသို့ မရောက်ရှိစေရေးအတွက် ၁-၂-၂၀၂၆ ရက်နေ့တွင် PO အမှတ် ၀၀၉ ဖြင့် လားရှိုးမြို့၊ တန့်ယန်းမြို့၊ မိုင်းရယ်မြို့များသို့ 92 Ron ဓာတ်ဆီ လီတာ ၃၆၀၀၀ ကျော်၊ ပရီမီယံဒီဇယ်ဆီ ၃၆၀၀၀ ကျော်ကို တစ်မြို့လျှင် နှစ်စီးနှုန်းဖြင့် ဆီသယ်ယာဉ် ၆ စီးဖြင့် ရန်ကုန်သီလဝါမှ တောင်ကြီး-ဟိုပုန်း-လွိုင်လင်-ကျေးသီး-မိုင်းရယ်-တန့်ယန်း-လားရှိုးလမ်းကြောင်း အတိုင်း သယ်ယူခဲ့ရာ ၉-၂-၂၀၂၆ ရက်နေ့တွင် သက်ဆိုင်ရာမြို့များသို့ ရောက်ရှိခဲ့ပါကြောင်း၊ သီလဝါမှ သက်ဆိုင်ရာမြို့များသို့ စက်သုံးဆီရောက်ရှိရန် ကြာမြင့်ချိန် ၉ ရက်ခန့်ကြာမြင့်ပြီး လမ်းခရီးတွင် အဆင့်ဆင့်ခွင့်ပြုချက်ရယူသွားရသည့် အခြေအနေဖြစ်ပြီး လက်ရှိအခြေအနေအရ စက်သုံးဆီသယ်ယူမှုအဆင်ပြေချောမွေ့မှုမရှိသေးကြောင်း သုံးသပ်ရပါ သဖြင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ စက်သုံးဆီဝယ်ယူခွင့် PO အား ဆက်လက်ယာယီ ရပ်ဆိုင်းခဲ့ ပါကြောင်း၊ 
    လားရှိုးမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၈၆ ဆိုင်အား ပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စက်သုံးဆီဝယ်ယူခွင့် PO ပြန်လည် ခွင့်ပြုနိုင်ရေး၊ နယ်မြေဒေသအခြေအနေနှင့် စက်သုံးဆီသယ်ယူနိုင်မှု လမ်းခရီးအခြေအနေ ချောမွေ့ကောင်းမွန်မှု ရှိ /မရှိကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရေနံထွက်ကြီးကြပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီတို့မှ စောင့်ကြည့်လျက်ရှိပြီး နယ်မြေဒေသအခြေအနေနှင့် စက်သုံးဆီ သယ်ယူမှု လမ်းခရီးအခြေအနေချောမွေ့ကောင်းမွန်ချိန်တွင် စက်သုံးဆီဝယ်ယူခွင့် PO များကို ပြန်လည်ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။ 

မေးခွန်း

ဒေါက်တာမျိုးထွန်း(လားရှိုးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
စက်သုံးဆီခွဲတမ်းကို တောင်ကြီးမြို့မှတစ်ဆင့်သွားလျှင် နယ်မြေဒေသ မအေးချမ်း၍ အဆင်မပြေ မှုများရှိနေသည့်အတွက် မန္တလေးမြို့မှတစ်ဆင့် နောင်ချို-ကျောက်မဲ-သီပေါလမ်းပိုင်းသည် လုံခြုံ အေးချမ်းပြီး တပ်မတော်မှ ပြန်လည်ထိန်းချုပ်ပြီးဖြစ်ပါကြောင်း၊ ခွဲတမ်းကို ထိုသို့ပေးလျှင် အစောက ပြောသည့် မြို့နယ်သုံးခုတွင် စက်သုံးဆီကို အစိုးရအနေနှင့် ရနိုင်သည့် အနေအထားဖြစ်သည့် အတွက် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ /မရှိ ကို တစ်ဆက်တစ်စပ်တည်း ဆက်စပ်မေးခွန်း မေးမြန်းပါ သည်။ 

အဖြေ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း 
မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီဖြန့်ဖြူးပေးရန် ဆီအလုံအလောက်ရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး နယ်မြေအခြေအနေအေးချမ်းသည်နှင့် တစ်ခါတည်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်း ကို ပြန်လည်ဖြေကြားပါသည်။    

https://www.pyithu.hluttaw.mm/qanda/12865

04-Jun-2026