The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အစိုးရ၊ တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီနှင့် “ဝေ”မိသားစုကုမ္ပဏီလီမိတက်တို့အကြား မီတာခ(၁)ယူနစ်နှုန်းထားနှင့် မီတာဘောက် (၁)လုံးလျှင် ရောင်းချရမည့်ဈေးနှုန်းသတ်မှတ်ချက် သဘောတူ စာချုပ်ရှိပါသလား၊ ရှိပါက သတ်မှတ်ထားသည့်ဈေးနှုန်းကို သိရှိလိုကြောင်းနှင့် နိုင်ငံတော်မှ သတ်မှတ် ထားသည့်ဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်းမရှိခဲ့ပါက မည်သို့ကြပ်မတ်အရေးယူဆောင်ရွက် သွားမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မေးခွန်း

ဦးကျော်ငြိမ်းအောင်(တာချီလိတ်မဲဆန္ဒနယ်)

အစိုးရ၊ တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီနှင့် ဝေမိသားစုကုမ္ပဏီလီမိတက်တို့အကြား မီတာခ()ယူနစ်နှုန်းထားနှင့် မီတာဘောက် ()လုံးလျှင် ရောင်းချရမည့်ဈေးနှုန်းသတ်မှတ်ချက် သဘောတူ စာချုပ်ရှိပါသလား၊ ရှိပါက သတ်မှတ်ထားသည့်ဈေးနှုန်းကို သိရှိလိုကြောင်းနှင့် နိုင်ငံတော်မှ သတ်မှတ် ထားသည့်ဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်းမရှိခဲ့ပါက မည်သို့ကြပ်မတ်အရေးယူဆောင်ရွက် သွားမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 

မိမိတို့ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်အတွင်း၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို တာချီလိတ်မြို့ မီးလင်းရေး ဦးဆောင်ကော်မတီနှင့် “ဝေ”မီးလင်းရေး ကုမ္ပဏီလီမိတက်တို့က တာဝန်ယူဆောင်ရွက်ကြပါကြောင်း၊ ၎င်းတို့အပြင် ကျေးရွာများတွင် ယခင်က ဖွဲ့စည်းထားရှိသည့် ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီ အဖွဲ့ဆိုသည့် အဖွဲ့လည်းရှိပါကြောင်း၊ တာချီလိတ်မြို့ပေါ်ရပ်ကွက်တော်တော်များများတွင် လျှပ်စစ်မီးမီတာဘောက် (၁)လုံးကို လျှောက်ထား ဝယ်ယူတပ်ဆင်ကြရာတွင် ဒေသသုံးထိုင်းဘတ်ငွေ ၈,၂၀၀ ဘတ်နှုန်းထားနှင့် ဝယ်ယူတပ်ဆင်ကြရ သည်ကို ကြားသိရပါကြောင်း၊ လက်ရှိ ငွေဈေးနှင့် ပြောရလျှင် မြန်မာကျပ်ငွေ ၁,၀၅၀,၀၀၀ ကျော်ခန့် ရှိပါကြောင်း၊ ကျေးရွာများတွင် လျှပ်စစ်မီတာဘောက်အသစ် (၁)လုံးကို ဒေသသုံး ထိုင်းဘတ် ငွေ ၁၅,၀၀၀ ဘတ်ဝန်းကျင် ဝယ်ယူတပ်ဆင်နေကြရပါကြောင်း၊ မြန်မာကျပ်ငွေနှင့် ပြောရလျှင် မြန်မာ ကျပ်ငွေ ၁၉ သိန်း ကျော်ခန့်ရှိပါကြောင်း၊ တာချီလတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်နှင့် စေခမ်း ရပ်ကွက် နေ မိဘပြည်သူများအနေဖြင့် လျှပ်စစ်မီးမီတာဘောက် အသစ် (၁)လုံး လျှောက်ထား ဝယ်ယူတပ်ဆင်လိုလျှင်လနှင့်ချီ ကြာတတ်ကြောင်း၊ မည်သည့်အတွက် ကြန့်ကြာနေသည်ကို ရှင်းရှင်းလင်းလင်းမသိရ ကြောင်း၊ လျှပ်စစ်မီး မီတာဘောက် အမြန်ဝယ်ယူတပ်ဆင်ချင်လျှင် အမြန်ကြေး ဒေသသုံးထိုင်း ဘတ်ငွေ ၇၂,၀၀၀ ဘတ်မှ  ဘတ် ၁ သိန်းအထိကို တချို့သောမီးလင်းရေးက ဝန်ထမ်းများနှင့် ကြားခံ ပွဲစားများ ထံ ပေးဝယ်တပ်ဆင်ရကြောင်း အခက်အခဲတို့ကို ယင်းရပ်ကွက်နေပြည်သူများက တင်ပြ လာကြပါကြောင်း၊ ဒေသသုံးထိုင်းဘတ်ငွေ ၇ သောင်းကျော်ကို ၁ သိန်းဆိုသည့် ငွေ Amount သည် ယေဘုယျအားဖြင့် မြန်မာကျပ်ငွေ သိန်း ၁၀၀ နှင့် သိန်း ၁၀၀ အထက်တွင် ရှိပါကြောင်း၊ ယခုလို ကိစ္စများအပြင် တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီက လျှပ်စစ်မီတာ (၁)ယူနစ်လျှင် ဒေသသုံး ထိုင်းဘတ်ငွေ ၅.၈၀ ဘတ်နှုန်းထားနှင့်ကျသင့်ကောက်ခံသော်လည်း တာချီလိတ်မြို့နယ် မိုင်းဖုန်း (က) ၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စုများတွင် ယခင်ဖွဲ့စည်းထားသည့် ကိုယ်ထူကိုယ်ထကျေးလက် မီးလင်းရေး ကော်မတီဆိုသည့် အဖွဲ့များမှ လျှပ်စစ်မီတာခ (၁)ယူနစ်ကို ဒေသသုံးထိုင်းဘတ်ငွေ ၇.၂၅ ဘတ် နှုန်း ထားဖြင့် ကောက်ခံနေကြကြောင်း၊ သင့်တင့်မျှတမှုမရှိကြောင်း၊ အိမ်ခြေ ၇၃၉ အိမ်ရှိသည့်မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဝေလေတန်ကျေးရွာတွင် တစ်အိမ်ထောင်ကို ပျောက်ဆုံးယူနစ် ဒေသသုံးထိုင်းဘတ်ငွေ ၃၀၀ ဘတ်အထိ ကောက်ခံကြောင်းတို့ကိုလည်း ကျေးရွာနေမိဘပြည်သူများက တင်ပြ လာကြပါ ကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် မေးမြန်းလိုသည်မှာ မြန်မာနိုင်ငံတော်အစိုးရနှင့် တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)၊ “ဝေ” မိသားစုကုမ္ပဏီ လိမီတက်တို့အကြား လျှပ်စစ်မီတာခ(၁)ယူနစ်ကို ဈေးနှုန်းထား မည်မျှရောင်းချရမည်၊ လျှပ်စစ်မီတာဘောက်(၁) လုံး ကို ဈေးနှုန်းထားမည်မျှရောင်းချရမည်ဆိုသည့် သတ်မှတ်ချက်နှုန်းထားများကို သဘောတူချုပ်ဆိုထားသည့် ကတိစာချုပ်ရှိပါသလား၊ သဘောတူကတိစာချုပ်ရှိပါက ဈေးနှုန်းထား များကို သိရှိလိုပါကြောင်းနှင့် လျှပ်စစ်မီတာခဈေးနှုန်းထား၊ လျှပ်စစ်မီတာဘောက်ခ ဈေးနှုန်း ထားများကို မြန်မာနိုင်ငံတော်မှသတ်မှတ်ထားရှိသည့် သတ်မှတ်ဈေးနှုန်းထားများအတိုင်း တာချီလိတ်မြို့နေ မိဘပြည်သူများထံသို့ ရောင်းချပေးခြင်းမရှိခဲ့ပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် မည်သို့ကြပ်မတ်အရေးယူဆောင်ရွက်သွားမည့်အစီအစဉ်တို့ကို သိရှိလိုပါ ကြောင်း မေးမြန်းခဲ့ပါသည်။

 

အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော်

တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့်စပ်လျဉ်းပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီကို ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ မှစပြီး လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလိုလုပ်ကိုင်ခွင့်ပြုခြင်းကိုလည်း နှစ်စဉ် တစ်နှစ်ကို တစ်ကြိမ်သက်တမ်းတိုးပြီးမှ ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ယခုသက်တမ်းအနေဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိဖြစ်ပါကြောင်း၊ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်စွဲပါ စာဖြင့် တာချီလိတ်မြို့ လျှပ်စစ် ဓာတ် အား ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရေးလုပ်ငန်းများကို မြို့မီးလင်းရေးကော်မတီကို လုပ်ကိုင် ခွင့်ပြု ရေး နှင့် စပ်လျဉ်း၍ တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးစိုင်းရှဲန်(ခ) ဦးတာဝေ “ဝေ” မိသားစုကုမ္ပဏီလီမိတက်၏အဆိုပြုလျှောက်ထားလာခြင်းအား ဒေသအာဏာပိုင် မီးလင်းရေး ကော်မတီကြီးကြပ်မှုဖြင့် ခွင့်ပြုပေးသင့်ပါကြောင်း ၎င်းကာလ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ကြီး သို့ လိပ်မူ၍ ထောက်ခံတင်ပြခဲ့ပါကြောင်း၊ ဝန်ကြီးဌာနသည် မဟာဓာတ်အားလိုင်းစနစ်မရောက်ရှိ သေးသည့် တာချီလိတ်မြို့နယ်အတွင်းတွင် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းကို ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်စွဲပါစာဖြင့် ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါခွင့်ပြုချက်တွင် ပထမအဆင့် အနေဖြင့် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းပိုင်ဒီဇယ်စက်များ ၁.၈၆၆ မဂ္ဂါဝပ်ဖြင့် လည်းကောင်း၊ ဒုတိယအဆင့်အဖြစ် မီးလင်းရေးကော်မတီကနေပြီး ထပ်မံဝယ်ယူတပ်ဆင်မည့် ဒီဇယ်စက်များ ၂ မဂ္ဂါဝပ် တပ်ဆင်အင်အားထပ်တိုးပြီး စုစုပေါင်း ၃.၈၆၆ မဂ္ဂါဝပ်ဖြင့်လည်းကောင်း၊ တတိယ အနေဖြင့် အသစ်တည်ဆောက်မယ့် မယ်ဟုတ်ချောင်း ရေအားလျှပ်စစ်စက်ရုံ ၄ မဂ္ဂါဝပ် ထပ်တိုးပြီးစုစုပေါင်း ၇.၈၆၆ မဂ္ဂါဝပ်ဖြင့် ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့မှစပြီး ဆောင် ရွက်ရန် ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း)နှင့် မြို့နယ် မီးလင်းရေးကော်မတီ(တာချီလိတ်မြို့နယ်)တို့အား ခွင့်ပြုချက်ထုတ်ပေး၍ လုပ်ကိုင်ခွင့် ကာလ ကိုတစ်နှစ်လျှင်တစ်ကြိမ်ပြန်လည်ညှိနှိုင်းပြီးသက်တမ်းတိုးဆောင်ရွက်ရန်ဖော်ပြထားခဲ့ကြောင်း၊

ဓာတ်အားတိုးတက်သုံးစွဲလာမှုအရ တာချီလိတ်မီးလင်းရေးကော်မတီသည် ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှစ၍ ထိုင်းနိုင်ငံမှ ဓာတ်အားကိုဝယ်ယူပြီး ၂၂ ကေဗွီ ဓာတ်အားလိုင်း ၈.၅ မိုင်၊ ၄၀၀ ဗို့လိုင်း ၂၄.၈၅ မိုင်၊ ၂၂/၀.၄ ကေဗွီ ထရန်စဖော်မာ အရွယ်စုံ ၃၉ လုံးဖြင့် ဓာတ်အားဖြတ်တောက်မှု မရှိဘဲ ဓာတ်အားဖြန့်ဖြူးပေးခဲ့ခြင်းနှင့်စပ်လျဉ်းပြီး တစ်ဘက်နိုင်ငံမှ ပေးပို့သည့် ဓာတ်အားဖြင့် ဓာတ်အားဖြန့်ဖြူးပေးရေးဆက်လက်ဆောင်ရွက်ရန်နှင့် မီးလင်းရေး ကော်မတီပိုင် ဒီဇယ်မီးစက် ၆ လုံးကို အချိန်မရွေးလည်ပတ်နိုင်ရန် ကြံ့ခိုင်မှုထိန်းသိမ်းရေးကို ပုံမှန်ဆောင်ရွက် ထားရန် နှင့် တစ်ဘက်နိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားရရှိခြင်းမရှိပါက ချက်ချင်း လက်ရှိ ဒီဇယ်မီးစက် ၆ လုံးဖြင့် ဓာတ်အားသုံးစွဲသူများကို ဓာတ်အားပြတ်တောက်ခြင်း မရှိဘဲ ဓာတ်အား ဖြန့်ဖြူးပေးရေးဆောင်ရွက်ရန်ဟုဆိုကာ ခွင့်ပြုချက်ဖြင့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်စွဲပါ စာဖြင့် ဆက်လက်ဆောင်ရွက်စေခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ယခင်လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကိုယ်စား ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ နှင့် တာချီလိတ်မြို့ မီးလင်းရေး ကော်မတီအကြားတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းကိုယ်စား ဓာတ်အားဖြန့်ဖြူးရောင်းချခြင်းစာချုပ်၊ စာချုပ်အမှတ်(၁/၂၀၁၅)ကို ချုပ်ဆိုခဲ့ပါကြောင်း၊ အဆိုပါ စာချုပ်အပိုဒ်(၁၀)အရ လျှပ်စစ်ဓာတ်အားခ နှုန်းထားများသတ်မှတ်ခြင်းကိစ္စ နှင့် ခေါင်းစဉ်အောက်တွင် ကော်မတီသည် ဓာတ်အား သုံးစွဲသူများထံမှ ကောက်ခံသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ဓာတ်အားသုံးစွဲသူတို့နှင့်ညှိနှိုင်းပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံသို့ တင်ပြပြီး အတည်ပြုချက်ရယူပြီး စည်းကြပ်ကောက်ခံနိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ မီးလင်းရေးကော်မတီအနေဖြင့် စာချုပ်ပါ အချက်များအတိုင်း လျှပ်စစ်ဓာတ်အားခကို ဓာတ်အားသုံးစွဲသူများနှင့်ညှိနှိုင်းပြီး သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံ တင်ပြအတည်ပြုချက် ရယူပြီးမှ ဆောင်ရွက်စေလျက်ရှိပါကြောင်း။

မီးလင်းရေးကော်မတီသည် ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာတွင် ထိုင်းနိုင်ငံ မှ ဓာတ်အားရယူသုံးစွဲသည့် မြို့ပေါ် (၁၀)ရပ်ကွက်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ PEA ကုမ္ပဏီမှ ဓာတ်အားဖြတ်တောက်ခဲ့သော်လည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို ၁၁၅ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁၅/၆၆/၂၂ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ပြီး ဝယ်ယူခွင့်ရရှိ ထားသည့် အရှေ့ပိုင်း ရှင်းလုံကုမ္ပဏီမှတစ်ဆင့် မီးလင်းရေးကော်မတီမှ ပြန်လည်ဝယ်ယူပြီး မြို့နယ်အတွင်းရှိသည့် မီးသုံးသူများကို ပြန်လည် ဖြန့်ဖြူးရောင်းချခဲ့ပြီး ဓာတ်အားပျောက်ဆုံးမှုများကိုလည်း မီးလင်းရေးကော်မတီမှကျခံခဲ့ပါ ကြောင်း၊ တာချီလိတ်မြို့မီးလင်းရေးကော်မတီသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ သဘောတူ ထောက်ခံချက်ဖြင့် တာချီလိတ်မြို့နယ် မီးသုံးသူ ၁၂,၉၇၇ ဦးအား ဓာတ်အားပေးလျက်ရှိပြီး ကောက်ခံလျက်ရှိသည့် (၁)ယူနစ် ဓာတ်အားနှုန်းထားများ အနေဖြင့် ဘာသာ၊ သာသနာ ၅ ဘတ်၊ ဌာနဆိုင်ရာ ၅.၈ ဘတ်၊ အများပြည်သူသုံး ၅.၈ ဘတ်နှင့် ပါဝါမီတာ ၇.၂ ဘတ် ဖြစ်ပြီး၊ မီတာ ဘောက်သတ်မှတ်ကြေးမှာ အထွေထွေအိမ်သုံး ၈,၀၀၀ ဘတ် နှင့် ပါဝါမီတာ/စီတီမီတာ တို့မှာ ၁၅,၀၀၀ တို့ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လအထိ အထက်ဖော်ပြပါနှုန်းများဖြင့် ကောက်ခံ ခဲ့ပြီး ကမ္ဘာ့လောင်စာဆီနှုန်းတိုးမြှင့်မှုများကြောင့် ဓာတ်အားသုံးစွဲသူများ၏ ဝန်ထုပ်ဝန်ပိုး လျော့ကျစေရန် အတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ မေလ၊ ဇွန်လ ၃ လအတွက်ကို (၁)ယူနစ်လျှင် ၀.၁ ဘတ်နှုန်းဖြင့် လျော့ကျပြီး၊ အိမ်သုံး (၁)ယူနစ်ကို ၅.၇ ဘတ်နှုန်း၊ လုပ်ငန်းသုံး (၁)ယူနစ်ကို ၇.၁ ဘတ်နှုန်းဖြင့် ပထမအကြိမ် လျှော့ချပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း မီးလင်းရေး ကော်မတီကနေပြီး မီးသုံးသူများကို အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း။

တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်လုပ်ကိုင်ခွင့်ပြုပါရန် တင်ပြခဲ့သဖြင့် ဝန်ကြီးဌာနစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၏သဘောတူခွင့်ပြုချက်အရ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ မှစပြီး ပြည်ထောင်စုမှ စီမံခန့်ခွဲသော ဓာတ်အားစနစ် တစ်မျိုးမျိုးရောက်ရှိသည့်နေ့ သို့မဟုတ် တစ်နှစ် သက်တမ်းပြည့်မြောက်သည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အနက် စောရာ နေ့အထိ သက်တမ်းတစ်နှစ်တိုးမြှင့်လုပ်ကိုင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်စွဲဖြင့် ခွင့်ပြု ပေးထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တာချီလိတ်မြို့ မီးလင်းရေးကော်မတီအနေဖြင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရောင်းချခွင့်စာချုပ်ပါအရ ဓာတ်အားခနှုန်းထားများကို ဓာတ်အားသုံးစွဲသူတို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာဒေသအာဏာပိုင်များထံသို့ တင်ပြအတည်ပြုချက်ရယူ၍ စည်းကြပ်ကောက်ခံခြင်းဖြစ်ပြီး တာချီလိတ်မြို့ မီးလင်းရေးကော်မတီနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့ အကြားတွင် လျှပ်စစ်မီတာခ (၁)ယူနစ်လျှင် ဈေးနှုန်းထား မည်မျှရောင်းချရမည်၊ လျှပ်စစ် မီတာ ဘောက် (၁)လုံးလျှင် ဈေးနှုန်းထား မည်မျှရောင်းချရမည်ဆိုသည့် သတ်မှတ်ချက်နှုန်းထားများ သဘောတူ စာချုပ်ချုပ်ထားခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မေးခွန်း

ဦးကျော်ငြိမ်းအောင်(တာချီလိတ်မဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

မိမိတို့ တာချီလိတ်မြို့နယ်တွင် လက်ရှိ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀ အားရှိသည့် လျှပ်စစ်ဓာတ်အားကို  လာအိုနိုင်ငံမှ ဝယ်ယူသုံးစွဲနေကြရကြောင်း၊ နှစ်စဉ်နွေရာသီပူပြင်းသည့် ကာလများတွင်ဓာတ်အား မမျှတသည့်အတွက် ဝန်အားလျှော့ဓာတ်အားများကိုရပ်ကွက်အလိုက်တစ်ပတ်တစ်ကြိမ်အလှည့်ကျ အချိန်ပိုင်းလျှပ်စစ်မီးဖြတ်တောက်သည့်စနစ်နှင့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်ပေးနေရသည့် အတွက် ပြည်သူများအနေဖြင့် အဆင်မပြေမှုများစွာရှိနေကြသည့်အပြင် ခိုးဆိုးလုနှိုက်ဘေးရန် ကို လည်း စိုးထိတ်နေကြရပါကြောင်း၊ လက်ရှိတာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ အထက်ကျေးရွာအပေါ်ဘက်နေရာတွင် မဟာလျှပ်စစ်ဓာတ်အားလိုင်းသည်လည်း ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။

မိမိအနေဖြင့် တာချီလိတ်မြို့နေ မိဘပြည်သူများ အကျိုးရှိစေမည့်ကိစ္စဖြစ်၍ တစ်ဆက် တစ်စပ်တည်းမေးမြန်းလိုသည်မှာ တာချီလိတ်မြို့နယ်အတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အား များကို ထပ်တိုးယူသွားရန် သို့မဟုတ် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ အထက် ကျေးရွာ အနီးသို့ ရောက်ရှိနေပြီဖြစ်သည့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားများကို ချိတ်ဆက်သွယ်တန်း တိုးမြှင့်ယူသွားရန် အစီအစဉ်ရှိ၊ မရှိကို ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

 

အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော်

မိမိအနေဖြင့် တာချီလိတ်မြို့ ဓာတ်အားရရှိရေးအတွက် အစီအမံလျာထားပါကြောင်း၊ ယခုချိန်ထိက တော့ ညှိနှိုင်းဆွေးနွေးဆဲဖြစ်ပါကြောင်း၊ ယခု ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့် အချက် ၂ ချက် အပေါ်တွင် မူတည်၍စိစစ်ပြီးမှ ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

09-Jun-2026